#Local_News
Published 22 November 2025

▪️ ၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ပဉ္စမနေ့ကို ယမာန်နေ့မနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ပဉ္စမနေ့အဖြစ်ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲပေါင်း ၇၅၄ တွဲ ရောင်းချခဲ့ရကြောင်းသိရသည်။

▪️ ယမာန်နေ့ မနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ပြပွဲတွင်ကျောက်စိမ်း (အုပ်စုအေနှင့် အုပ်စုဘီ) တို့မှ အတွဲပေါင်း ၁၀၀၀ အနက် ကျောက်စိမ်းအတွဲပေါင်း ၇၅၄ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရကြောင်း ထုတ်ပြန်ကြေညာသည်။

▪️ ထို့ပြင် ပြပွဲဆဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၁၀၀၁) မှ (၂၀၀၀) အထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်း ထည့်သွင်းကြသည်။

▪️ အဆိုပါဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးပြီးရောင်းချရသည့် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။

▪️ ယခုပြပွဲအတွင်း ပုလဲအတွဲပေါင်း ၄၄၃ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၆၇ တွဲ ရောင်းချခဲ့ရပြီး ယနေ့ပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်း (အုပ်စုအေနှင့် အုပ်စုဘီ) တို့မှ ကျောက်စိမ်းအတွဲပေါင်း ၇၅၄ တွဲတို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့ကာ ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် နိုဝင်ဘာ ၂၆ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times