#Local_News
Published 12 May 2026

■ မေလ (ဒုတိယ ဆယ်ရက်ပတ်)အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင် ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏
မေလ (ဒုတိယ ဆယ်ရက်ပတ်)အတွက် စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက်အရသိရသည်။

■ အနောက်တောင်မုတ်သုံလေသည် မေ ၁၃ ရက်မှ ၁၇ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ လည်းကောင်း၊ မေ ၁၈ ရက်မှ ၂၂ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း ဝင်ရောက်နိုင်ပြီး ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်ရှိနိုင်ကြောင်း သိရသည်။

■ မိုးရွာသွန်းနိုင်မှုအခြေအနေများမှာနေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
 
■ အမြင့်ဆုံးအပူချိန်အခြေအနေများမှာ ချင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ၇၁ ဒီဂရီ ဖာရင်ဟိုက်မှ ၈၁ ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ကယား၊ ရခိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် ၈၂ ဒီဂရီဖာရင်ဟိုက်မှ ၉၃ ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ၉၄ ဒီဂရီ ဖာရင်ဟိုက်မှ ၁၀၃ ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ကအနိမ့်ဆုံးအပူချိန်အခြေအနေများမှာ ချင်းပြည်နယ်တွင် ၅၃ ဒီဂရီဖာရင်ဟိုက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၆၂ ဒီဂရီဖာရင်ဟိုက်မှ ၇၁ ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် ၇၂ ဒီဂရီဖာရင်ဟိုက်မှ ၈၁ ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ကြောင်းသိရသည်။
 
■ လေထုစိုထိုင်းဆအခြေအနေများမှာ နေပြည်တော်၊ ရန်ကုန်တိုင်း မန္တလေးတိုင်း၊ ပဲခူးတိုင်း(တောင်ပိုင်း)၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မွန်နှင့် ရှမ်း(တောင်ပိုင်း)တို့တွင် ၆၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအတွင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်းနှင့် အနောက်ပိုင်း)၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ၊ ကယား၊ ကရင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် ၇၁ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအတွင်းနှင့် ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ၈၁ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအတွင်းရှိနိုင်ကြောင်းသိရသည်။
 
■ ပင်ငွေ့ရေငွေ့ပြန်နှုန်းအခြေအနေများမှာ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ၂၈ မီလီမီတာမှ ၃၇ မီလီမီတာအတွင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)တို့တွင် ၃၈ မီလီမီတာမှ ၄၇ မီလီမီတာအတွင်း၊ မန္တလေး တိုင်း၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ဧရာဝတီတိုင်း နှင့် ကယားပြည်နယ်တို့တွင် ၄၈ မီလီမီတာမှ ၅၇ မီလီ မီတာအတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ၅၈ မီလီမီတာမှ ၆၈ မီလီမီတာအတွင်းရှိနိုင်ကာ မြေဆီလွှာအောင်းရေအခြေအနေများမှာ ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် (စိုစွတ်)အခြေအနေနှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ကယား၊ ကရင်၊ ချင်း၊ မွန်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် (ခြောက်သွေ့)အခြေအနေရှိနိုင်‌ကြောင်းသိရသည်။

#YMG/NN #Yangon_Times