#Local_News
Published 23 May 2026
             
■ မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ ဓာတ်အားထုတ်လုပ်မှုများအား နိုင်ငံတော် ဓာတ်အားစနစ်ကွန်ယက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အား တိုးတက်ကောင်းမွန်စေရန်တို့အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်းကြိုးကို ဝန်အား(၂)ဆကျော်အထိ တိုးမြှင့် သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုးဖြင့် ဓာတ်အားပိတ်၍ အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကအသိပေးထုတ်ပြန်ထားသည်။
            
■ ထိုသို့ ဓာတ်အားလိုင်းကြိုးအစားထိုးလဲလှယ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက် နံနက် ၆ နာရီမှ မေလ ၂၄ ရက် ညနေ ၆ နာရီ အထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်စဉ်လိုအပ်ပါက ဝန်အားထိန်းညှိခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
            
■ သို့ဖြစ်ရာ သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ပြည်သူသို့ အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထားသည်။
 
#YMG/SW #Yangon_Times