#World_Health
Published 06 March 2026

■ စာဖတ်ခြင်း၊ စာရေးခြင်း၊ ဘာသာစကား သင်ယူခြင်းတို့ဖြင့် ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းနီးပါး လျော့ကျစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

■ ဒီမန်ရှာရောဂါက ၂၀၅၀ ခုနှစ်အရောက်မှာ တစ်ကမ္ဘာလုံး ဖြစ်ပွားသူသန်း ၁၅၀ ကျော်လာနိုင်တယ်လို့ ခန့်မှန်းထားပြီး အနာဂတ်ကျန်းမာရေး ခြိမ်းခြောက်လာနိုင်တယ်လို့ ကျွမ်းကျင်သူများ ဆိုပါတယ်။

■ ဦးနှောက်လှုံ့ဆော်ရတဲ့ လုပ်ငန်းစဉ်တွေဖြစ်တဲ့ စာဖတ်ခြင်း၊ စာရေးခြင်း၊ ဘာသာစကားအသစ် လေ့လာခြင်းတို့က အယ်ဇိုင်းမားရောဂါနဲ့ ဦးနှောက်အသိဉာဏ်ကျဆင်းခြင်းတို့ကို လျော့ကျစေတယ်လို့ အမေရိကန်သုတေသီများ တွေ့ရှိထားပါတယ်။

■ စာကြည့်တိုက်တွေထားခြင်း၊ ပညာပေးအစီအစဉ်များ စီစဉ်ပေးခြင်းတို့က ဒီမန်ရှာဖြစ်ပွားမှုကို လျှော့ချနိုင်ဖွယ်ရှိတယ်လို့ ချီကာဂို ရက်ရှ်တက္ကသိုလ်ဆေးဘက်ဆိုင်ရာမှ သုတေသနပြုစုသူ အန်ဒရီယာဇမ်မစ်က ပြောပါတယ်။

■ သုတေသီတွေက ပျမ်းမျှအသက် ၈၀ ခန့်ရှိတဲ့ လူပေါင်း ၁၉၃၉ ဦးကို ၈ နှစ်ကြာအောင် စောင့်ကြည့်ခဲ့ပါတယ်။

■ အယ်ဇိုင်းမားရောဂါဖြစ်ပွားသူ ၅၅၁ ဦးရှိခဲ့ပြီး ဦးနှောက်အသိဉာဏ်ချို့ယွင်းသူ ၇၁၉ ဦးရှိခဲ့ကာ ဦးနှောက်အသိဉာဏ်အမြင့်ဆုံး ၁၀ ရာခိုင်နှုန်းနဲ့ အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်းတို့ကို နှိုင်းယှဉ်ခဲ့ကြပါတယ်။

■ အသက်အရွယ်၊ ကျား/မ၊ ပညာရေး စတဲ့အချက်အလက်တွေကို ထည့်သွင်းစဉ်းစားရာမှာ စာပေအထိအတွေ့ကြွယ်ဝဆုံးသူတွေက ပျမ်းမျှအသက် ၉၄ နှစ်မှာ အယ်ဇိုင်းမားဖြစ်ပွားပြီး အနိမ့်ဆုံးသူတွေကတော့ ၈၈ နှစ်ဖြင့် ဖြစ်ပွားခဲ့ကြပါတယ်။

■ ဒီလေ့လာချက်တွေက ကိုယ်တိုင်တင်ပြရတဲ့ အချက်အလက်များဖြစ်ပြီး ဂရုတစိုက်တင်ပြတာလားဆိုတာ အထောက်အထားသေချာ မသိရပါဘူး။

■ ဘယ်လိုပဲဖြစ်ဖြစ် ဘဝတလျှောက် စိတ်ပိုင်းဆိုင်ရာ တက်ကြွနေအောင် နေထိုင်ခြင်းက ဦးနှောက်အသိဉာဏ်ကို ထောက်ပံ့ပေးပြီး ဒီမန်ရှာဖြစ်နိုင်ခြေကိုလျှော့ချနိုင်မှာ ဖြစ်ပါတယ်။

Source: The Guardian.