#Local_News
Published 05 June 2026

■ ဒီဇယ်ဆီ HSD (500 ppm)အပေါ် ကောက်ခံသည့် အထူး ကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြည်ထောင်စုလွှတ်တော်၌ အဆိုတင်သွင်းခဲ့ကြောင်းသိရသည်။

■ ယမာန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည့်တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ ၌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်ကအထက်ပါအတိုင်းအဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

■ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒီဇယ်ဆီ HSD (500 ppm) အပေါ်ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ယခုကာလတွင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် အခြားဒေသတွင်း နိုင်ငံများနည်းတူ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး ထိန်းညှိဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်၊ ယန္တရားများနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အများဆုံးအသုံးပြုသည့် ဒီဇယ်ဆီ HSD (500 ppm)အပေါ် ကောက်ခံသည့် အထူး ကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့်ပြုနိုင်ရေးဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊

■ ဒီဇယ်ဆီသည် နိုင်ငံတော်အတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသည့် စွမ်းအင်အရင်းအမြစ် တစ်ခုဖြစ်သည့်အတွက် ဒီဇယ်ဆီ HSD (500 ppm)အပေါ် အခွန်ကင်းလွတ်ခွင့် ပြုခြင်းအားဖြင့် ပြည်သူလူထုအတွက် အခြေခံစားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံတော်အနေဖြင့် ဒီဇယ်ဆီ HSD(500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုခြင်းကြောင့် လျော့နည်းသွားမည့် အခွန်ငွေများကိုလည်း ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခွန်နှုန်းထားများ တိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်ခြင်းဖြင့် ရသင့်ရထိုက်သည့် အခွန်များကို ပိုမိုကောက်ခံရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

■ ဒီဇယ်ဆီ HSD (500ppm)အပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၆)၏ သဘောတူခွင့်ပြုချက်အရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန် တင်ပြရခြင်းဖြစ်ပါကြောင်း အဆိုတင်သွင်းသည်။
 
■ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက ဒီဇယ်ဆီ HSD (500 ppm) အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ရုံးထံအမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
 
■ ထို့နောက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဒုတိယနေ့ကို ဇွန် ၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

#YMG/NN #Yangon_Times