#Local_News
Published 29 October 2025
▪️ ရွေးကောက်ပွဲနေ့ရက်များအတွက် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာသမားများ၏ သတင်းရယူခွင့် သက်သေခံကတ်ပြားများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အသိပေးကြေညာထားသည်။
▪️ သတင်းရယူလိုသည့် ပြည်တွင်းမီဒီယာများကို အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ခရိုင်တစ်ခုချင်းစီအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များတွင် မီဒီယာတစ်ခုလျှင် (၄) ဦးနှုန်းဖြင့် သတင်းရယူခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။
▪️ သတင်းရယူခွင့် သက်သေခံကတ်ပြားများ လျှောက်ထားရာတွင် မိမိကိုယ်စားပြုသည့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းမှ ရွေးကောက်ပွဲ သတင်းရယူရန် တာဝန်ပေးစေလွှတ်ထားသူဖြစ်ကြောင်း အထောက်အထားစာကို တင်ပြ၍ သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံတွင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြည်တွင်း ပုဂ္ဂလိကသတင်းမီဒီယာသမားများအနေဖြင့် ကိုယ်တိုင်ရေးလျှောက်လွှာတွင် မိမိနှင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်း၏ ထောက်ခံချက်စာကိုတင်ပြ၍ သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် လျှောက်ထားရမည်ဖြစ်ပြီး ခရိုင်တစ်ခုထက်ပို၍ သတင်းရယူလိုပါက သတင်းရယူလိုသည့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် ထပ်မံလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
▪️ နိုင်ငံတကာသတင်းမီဒီယာများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက စိစစ်ထောက်ခံပေးသည့် နိုင်ငံတကာသတင်း မီဒီယာအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကိုသာ ခွင့်ပြု၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ လာမည့်ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို စတင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/PP #Yangon_Times