#Local_News
Published 22 August 2025

စပါးအပါအဝင် သီးနှံ (၁၀) မျိုး၏ ရောဂါပိုးမွှားများကိုAI နည်းပညာ အသုံးပြု၍ အမျိုးအစား ခွဲခြားနိုင်ရန်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ယမန်နေ့မနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်က သမားရိုးကျစိုက်ပျိုးမွေးမြူရေးမှ နည်းပညာသစ်များ အသုံးပြုထုတ်လုပ်သော Agriculture Transformation ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း၊ သီးနှံ ၁ဝ မျိုးအနက် ပထမဆုံးအနေဖြင့် စပါးသီးနှံ ရောဂါပိုးမွှားကျရောက်ခြင်းကို တောင်သူများကိုယ်တိုင် AI နည်းပညာအသုံးပြု၍ ရောဂါပိုးမွှားအမျိုးအစား ခွဲခြားနိုင်ရန်ဖြစ်ကြောင်း၊ စပါးသီးနှံပြီးပါက ပဲအမျိုးမျိုးနှင့်ဆီထွက်သီးနှံများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် မွေးမြူရေးကဏ္ဍတွင်လည်း တိရစ္ဆာန်များ၌ ကျရောက်တတ်သည့်ရောဂါများနှင့် ကုသရေးနည်းလမ်းများကို မွေးမြူရေးတောင်သူများ အလွယ်တကူသိရှိ နိုင်ရန်နှင့် AI အသုံးပြုနည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနရှစ်ခု၊ တက္ကသိုလ်နှစ်ခုတို့မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

#YMG/NN #Yangon_Times