#Local_News

Published 13 August 2025

▪️ ဩဂုတ်လ (၁၅) ရက်တွင်ကျရောက်မည့် အိန္ဒိယနိုင်ငံ၏ (၇၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာတွင် ဩဂုတ်လ (၁၂) ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပါတယ်။

▪️ အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးတင်အောင်စန်းနှင့်ဇနီး၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့်ဇနီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံရုံးဒုတိယအကြီးအကဲများနှင့် သံတမန်များ၊ စစ်သံမှူးများ၊ သံရုံးကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါတယ်။

▪️ အိန္ဒိယနိုင်ငံသံရုံးတာဝန်ရှိသူများက ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

▪️ အခမ်းအနားတွင် အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr.Abhay Thakur က (၇၉) နှစ်မြောက် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပရခြင်းနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြား၌ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် သမိုင်းဝင် အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ကျော်ရေး သဘော တူညီချက်အဖြစ် အပြည်ပြည်ဆိုင်ရာ အဝင်/အထွက် စစ်ဆေးရေးဂိတ်များကို ဖွင့်လှစ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

▪️ ကျွန်ုပ်တို့၏ ၁,၆၄၃ ကီလိုမီတာရှည်လျားသော နယ်နိမိတ်၏ နယ်နိမိတ်မြေပုံ ၄၅ ခုအနက် ၃၆ ခုကို ပြီးခဲ့သည့်လက အာဏာပိုင်အဆင့်ဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ကျွန်ုပ်တို့နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် ၂၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိခဲ့ကာ နောင်နှစ်များအတွက် အလားအလာကောင်းများရှိနေပါကြောင်း၊ ကျွန်ုပ်တို့၏ တူညီသောယဉ်ကျေးမှုနှင့်ဗုဒ္ဓဘာသာဆိုင်ရာ ဆက်သွယ်မှုများကို ထိန်းသိမ်းရန်နှင့်မြှင့်တင်ရန်လည်း အပြည့်အဝကတိကဝတ်ပြုထားကြောင်း ပြောကြားခဲ့ပါတယ်။

▪️ ထို့နောက် တက်ရောက်လာကြသူများအား ဆွာမိ ဗိဝေကာနန္ဒာ ယဉ်ကျေးမှုစင်တာ၊ အိန္ဒိယသံရုံး၊ ရန်ကုန်နှင့်မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းတင်ဆက်သည့် ပူရုလီရ ချာဟူး အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး အိန္ဒိယရိုးရာညနေစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရပါတယ်။