#Local_News
Published 13 July 2026
■ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့၊ ထင်းကြိုးဝိုင်း၊ အကွက်အမှတ် b (၂) ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ စိန်ပန်းပြာပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သစ်ပင်များကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
■ နိုင်ငံတော်သမ္မတက အမှာစကား ပြောကြားရာတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေးနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေးတို့အတွက် ယခုကဲ့သို့ မိုးရာသီသစ်ပင်စိုက်ပွဲများကို နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
■ နေပြည်တော်၌ ပထမအကြိမ်နှင့်ဒုတိယအကြိမ် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲများကို အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်ကာ ယခုပြင်ဦးလွင်မြို့တွင် ကျင်းပသည့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင်လည်း ချယ်ရီ၊ ခရေ၊ စိန်ပန်းပြာ၊ စိန်ပန်းနီအပါအဝင် သစ်မျိုး ၈ မျိုး၊ အပင်ပေါင်း ၃,၀၀၀ ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။
■ ထို့ပြင် ပြင်ဦးလွင်မြို့ကို နောင်မျိုးဆက်သစ်များအတွက် စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းကောင်းမွန်သော စံပြမြို့ပြဖြစ်စေရန် "ပြင်ဦးလွင် စိမ်းလန်းစိုပြည်ရေးစီမံကိန်း" ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းနှင့် ရာသီဥတုပြောင်းလဲမှု ပြဿနာများကို ဖြေရှင်းရန် သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည် အထိရောက်ဆုံးဖြစ်၍ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းခဲ့သည်။
■ ယင်းအပြင် သစ်တောဦးစီးဌာနအနေဖြင့်လည်း စိမ်းလန်းစိုပြည်ရေးနယ်မြေ (Green Zone) များ တိုးပွားလာစေရန်အတွက် လမ်းဘေးဝဲယာနှင့် မြို့ပြသစ်တောများ တည်ထောင်ရန် ပျိုးပင်ပေါင်း ၁၀ သန်းကျော်ကို ပြည်သူလူထုထံ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။