#Local_News
Published 1 November 2025

▪️ ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် ၂၀၂၅ ခုနှစ်ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းတွင် အဆိုပါမာရဝိဇယကျောင်းတော်၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

▪️ အခမ်းအနားသို့ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံပရိယတ္တိစာသင်တိုက်ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိအမှူးပြုသည့် ပင့်သံဃာတော်များနှင့် မာရဝိဇယကျောင်း တော်တွင် သီတင်းသုံးတော်မူကြသည့် ဆရာတော်ကြီးများကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။

▪️ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် မာရဝိဇယကျောင်းတော် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကိုနာယူကြကာပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာ တရားနာကြားကြကြောင်း သိရသည်။

▪️ ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် မာရဝိဇယကျောင်းတော် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပဒေသာပင် ၁၂ ပင်၊ တန်ဖိုးငွေကျပ် ၂၅၁၆၇၆၀၀ နှင့် လှူဒါန်းငွေကျပ် ၂၈၃၃၃၄၀၀ ဖြစ်သဖြင့် စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၅၃၅၀၁၀၀၀ ဖြစ်ကြောင်း သိရသည်။

#YMG/PP #Yangon_Times