#Local_News
Published 20 November 2025
▪️ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကုလသမဂ္ဂ သဘောတူစာချုပ်မှာပါရှိသည့် ကလေးသူငယ်အခွင့်အရေး (၄) ရပ်ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကပြောသည်။
ယမာန်နေ့က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ပြုလုပ်ခဲ့သည့် (၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့အခမ်းအနား၌ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့ နိုဝင်ဘာလ (၂၀) ရက်နေ့သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို အတည်ပြုသည့်နေ့( UNCRC Day) ဖြစ်သလို ကမ္ဘာ့ကလေးများနေ့ (World's Children Day) လည်းဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးရှိကလေးများ၏ အနာဂတ်ပိုမိုတောက်ပစေနိုင်ရေး၊ ကလေးများကို ကာကွယ်မှုအပြည့်အဝပေးနိုင်ရေး၊ ကလေးများ၏အခွင့်အရေး ပိုမိုရရှိနိုင်စေရေး၊ ကလေးများ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများကို အတူတကွ ဖြေရှင်းပေးနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားများကျင်းပလျက်ရှိကြောင်း၊ နှစ်စဉ်နိုဝင်ဘာလ(၂၀)ရက်နေ့ရောက်တိုင်း “ကမ္ဘာ့ကလေးများနေ့” အဖြစ် နိုင်ငံတကာတွင် အခမ်းအနားများကျင်းပသည့် နည်းတူ မြန်မာနိုင်ငံတွင်လည်း ကလေးသူငယ်များ၏အရေးပါသောအခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန် နိုင်ငံတော်အဆင့်အခမ်းအနား ကျင်းပသလို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာလည်း ယခုလိုအခမ်းအနားများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကုလသမဂ္ဂ သဘောတူစာချုပ်မှာပါရှိသည့် ကလေးသူငယ်အခွင့်အရေး (၄) ရပ်ဖြစ်သော ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ခွင့်၊ကလေးသူငယ်များကိုအကြမ်းဖက်မှု၊ လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ်မှုအမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ကလေးသူငယ်များ၏အရေးကိစ္စရပ်များတွင် ကလေးသူငယ်များကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်တို့ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ ကလေးသူငယ်အခွင့်ရေးများကို ကလေးသူငယ်တိုင်းက အပြည့်အဝခံစားခွင့်ရအောင် ကလေးသူငယ်များ၏ အရေးကိစ္စကို ဆောင်ရွက်နေကြသည့်ဌာနများ၊ အဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ကလေးသူငယ်များ၏ အနာဂတ်ဘဝ စုံလင်ပြည့်ဝပွင့်လန်းဝေဆာရန် နှင့်နောင်တစ်ချိန်တွင် တိုင်းပြည်အတွက် အားကိုးအားထားပြုရသော နိုင်ငံ့သားကောင်းရတနာများဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
▪️ ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် Video Clip နှင့် ၊မူလတန်းကြိုကျောင်းမှသားငယ်သမီးငယ်များ၏ တေးသီချင်းများ၊ ပုံပြင်များ၊ ကဗျာများ၊ သရုပ်ဖော်ပုံပြင်များ၊ အကအလှများ သီဆိုကပြဖျော်ဖြေနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေကြီးဝန်ကြီးများက ကြည့်ရှုအားပေးပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times