၁ စက်တင်ဘာ ၂၀၂၄

ထိုင်းနိုင်ငံ ပရာချပ်ခီရီခန်ပြည်နယ် ဟွာရိုင်အရပ်မှာ ကိုယ်ဝန်အရင့်အမာရှိနေပြီဖြစ်တဲ့ မြန်ာအမျိုးသမီးတစ်ဦးနှင့် သူ့သမီး တို့ အသတ်ခံရတယ်လို့ ထိုင်းမီဒီယာများကရေးသားဖော်ပြကြပါတယ်။  သူတို့ဟာ သူတို့ငှားနေတဲ့အိမ်ထဲမှာ ရက်ရက်စက်စက်  အသတ်ခံခဲ့ကြရတာဖြစ်ပါတယ်။ သတ်သူတွေဟာ မြန်မာနိုင်ငံသားတွေပဲဖြစ်နိုင်ပြီး ဓားပြတိုက်သွားတဲ့သဘောလို့ ရဲတွေက ယူဆထားကြပါတယ်။ အဲဒီအပြင် သူ့ခင်ပွန်းသည်ကိုလည်း နောက်တစ်နေရာမှာ အသတ်ခံရပြီးသေဆုံးနေတာတွေ့ကြရတယ် လို့သတင်းများကဆိုပါတယ်။

ယမန်နေ့ ဩဂုတ် ၃၁ရက် ည ၁၀နာရီခွဲခန့်မှာ ဟွာရိုင်က အိမ်တစ်အိမ်မှာ အသက် ၃၈နှစ်အရွယ် ကိုယ်ဝန်သည် အမျိုးသမီးနှင့် အသက် (၇)နှစ်အရွယ် သူမရဲ့သမီးတို့ရဲ့ ရုပ်အလောင်းတွေတွေ့ရှိရတယ်လို့ ရဲတွေ သတင်းရရှိခဲ့ကြပါတယ်။ရဲတွေဟာ ဆေးပညာရှင်တွေနှင့် အမှုလိုက်ဌာနတွေနှင့်အတူ အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့ကြပါတယ်။

အခင်းဖြစ်ပွားတဲ့ တစ်ထပ်အိမ်ထဲမှာ (၈)လကိုယ်ဝန်နှင့် အမျိုးသမီးဟာ ဦးခေါင်းနှင့်မျက်နှာပြင်မှာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိသေဆုံးနေပြီး သူမရဲ့သမီးငယ်ဟာလည်း ခေါင်းဒဏ်ရာနှင့်လဲကျသေဆုံးနေတာတွေ့ရပါတယ်။ ရဲတွေကတော့ အသတ်ခံ ရတာဟာ (၃)ရက်လောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

သေဆုံးတဲ့အမျိုးသမီးရဲ့ ခင်ပွန်းဟာ အဲဒီအိမ်ကိုငှားထားတာဖြစ်ပြီး သူဟာ ဟွာရိုင်အရပ် ဘန်ဟွာခေါင်ကရာဘာစိုက်ခင်းတွေ မှာ ရာဘာအပင်တွေခုတ်ပေးရတဲ့အလုပ်လုပ်နေပါတယ်။

အဲဒီအချိန်တုန်းက ပျောက်ဆုံးနေတဲ့သူ့ခင်ပွန်းကို လိုက်လံစုံစမ်းကြည့်ပြီး အဲဒီနေ့ ညနေ သုံးနာရီခွဲခန့်မှာတော့ တောင်ပေါ်က ရာဘာစိုက်ခင်းထဲမှာ ခင်ပွန်းရဲ့အလောင်းကိုရဲတွေကရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သူဟာ လည်ပင်းအလှီးခံရပြီး သူ့အလောင်းရဲ့ အနီးအနားမှာ ဆန်အိတ်တစ်အိတ်၊ ရေအေးစက်တစ်လုံး၊ လောင်စာဆီနှင့် အခြားသော တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ပြန့်ကျဲ နေပါတယ်။သေဆုံးသူမှာ စောဝင်းဦးဆိုသူဖြစ်တယ်လို့ နောက်ပိုင်းမှာ စုံစမ်းသိရှိရပါတယ်။

အဲဒီလူသတ်မှုက မြန်မာနှစ်ဦးက ကျူးလွန်ခဲ့တာလို့ ရဲတွေက သံသယရှိနေပါတယ်။ အဲဒီနှစ်ဦးဟာ အသတ်ခံရတဲ့ယောကျ်ား ဖြစ်သူက သူနှင့်အတူအလုပ်လုပ်ဖို့ ခေါ်ထားတဲ့သူတွေဖြစ်ကြပါတယ်။ မိသားစုရရှိတဲ့ ရာဘာပင်ဖြတ်ခ ဘတ်ငါးသောင်းကို လုယူသွားကြပုံရတယ်လို့ ရဲတွေကပြောပါတယ်။

ကျူးလွန်သူတွေဟာ သေဆုံးသူ အမျိုးသားရဲ့မော်တော်ဆိုင်ကယ်ကို စီးပြီး သူတို့အိမ်ပြန်သွားကာ  ဇနီးနှင့်သမီးဖြစ်သူတွေကို ပါ မျက်မြင်သက်သေမရှိအောင် ကိစ္စတုံးခဲ့ကြပုံရတယ်လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။ ဒီရွာမှာ ဒါမျိုးတစ်ခါမှ မဖြစ်ဖူးဘူးလို့လည်း သူကဆက်ပြောပါတယ်။

သေဆုံးသူအမျိုးသားရဲ့ အသက် ၃၂နှစ်အရွယ်ညီဖြစ်သူပြောပြတာကတော့ သူ့အစ်ကို၊သူ့မရီးနှင့်တူမတို့ဟာ တနင်္သာရီတိုင်း ဒေသကြီး မြိတ်က လာရောက်ကြတာဖြစ်ပီဲး ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်နေတာ ၁၀နှစ်ကျော်ရှိပြီလို့ဆိုပါတယ်။

@ymg/knl