#Local_News
Published_ 14 October 2023


မြန်မာနိုင်ငံ၌ ရေနံချက်စက်ရုံတည်ဆောက်ခြင်းနှင့် ရေနံချက်လုပ်ခြင်း နည်းပညာ များကို သင်တန်းများဖွင့်လှစ်ပို့ချပေးဖို့ ရုရှားနိုင်ငံ မော်စကိုမြို့၌ ရောက်ရှိနေတဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က Gazprom ကုမ္ပဏီ၏ Moscow Oil Refinery သို့သွား ရောက်လေ့လာစဉ် ပြောကြားခဲ့ပါတယ်။

 

Moscow Oil Refinery စက်ရုံ၌ Gazprom ကုမ္ပဏီတာဝန်ရှိ သူများက စက်ရုံ သမိုင်းကြောင်း၊ စက်ရုံလည်ပတ်ပြီး စက်သုံးဆီအမျိုးမျိုး ထုတ်လုပ်နေမှုအခြေအနေကို ရှင်းလင်းရာ ဝန်ကြီးက မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံအသစ်တည်ဆောက်ရန်နှင့် လက်ရှိ စက်ရုံများကို အဆင့်မြှင့်တင် ပြုပြင်မွမ်းမံဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

 

ရေနံချက်စက်ရုံအသစ် တည်ဆောက်ရာတွင် Petrochemical Complex အဆင့် အထိတည်ဆောက်၍ ရေနံထွက်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နိုင်ဖို့ဆောင်ရွက်နေကြောင်း၊ ရေနံချက်စက်ရုံများနှင့် ပတ်သက်သည့် နည်းပညာအကူအညီများ ပံ့ပိုးပေးစေလိုကြောင်း ပြောကြားပါတယ်။

 

Gazprom ကုမ္ပဏီအနေဖြင့်လည်း မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ တည်ဆောက် ပြုပြင်ခြင်းလုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများရှိတယ်လို့ ဆိုပါတယ်။

 

ရုရှားနိုင်ငံ မော်စကိုမြိုရှိ Moscow Oil Refinery ကို ၁၉၃၈ ခုနှစ်က စတင် လည်ပတ်ခဲ့ပြီး စက်ရုံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နှစ်အလိုက် အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ ယခုအခါတစ်နှစ်လျှင် ရေနံစိမ်း ၁၂ ဒသမ ၅ မက်ထရစ်တန်သန်းခန့် ချက်လုပ်နိုင်တဲ့ နိုင်ငံတကာအဆင့်မီ ရေနံချက်စက်ရုံတစ်ရုံအဖြစ် အဆင့်မြင့် ဓာတ်ဆီ၊ ဒီဇယ်အပါအဝင် ရေနံထွက်ပစ္စည်းအမျိုးအမယ်ပေါင်း ၃၀ ကျော် ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိပါတယ်။

 

အဆိုပါစက်ရုံသည် ကုန်ကြမ်းပမာဏ၏ ၉၉ ဒသမ ၅ ရာခိုင်နှုန်းအထိ ကုန်ချော ထုတ်လုပ်နိုင်ပြီး ရေနံချက်လုပ်ခြင်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကိုလျှော့ချ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

#ygm_mnn #Local_News #ရေနံချက်စက်ရုံ #Gazprom ကုမ္ပဏီ #Yangon_Media_Group