Published 28 February 2022

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်မည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး အပိုင်း ၁ နှင့် အပိုင်း ၂ တို့အား  ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ထွင်းထုပူဇော်နေကြကြောင်းသိရှိရပါတယ်။

အဲဒီအပြင် ယင်းနောက် ဉာဏ်တော် ၉ ပေရှိ ဆင်းတုတော်များကို ထားရှိရန်အတွက် နည်းပညာအသုံးပြု၍ CNC စက်ဖြင့်ထုဆစ်လျက်ရှိနေပါတယ်။

အဆိုပါ မာရဝိဇယ ဗုဒ္ဓဥယျဉ်တော်တွင် တည်ဆောက်မည့် ကျောင်းဆောင်တော် ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ဖေဖော်ဝါရီ (၂၇)ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီမင်္ဂလာအခမ်းအနားသို့ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ နှင့် တပ်ကုန်းမြို့၊ မဟာသီ ဟနာဒ ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏတို့ အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး နစကဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တွေနှင့်အတူ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုခဲ့ကြပါတယ်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်တွင် လက်ရှိ တည်ထားကိုးကွယ်နေကြတဲ့ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေထဲမှာ ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်နှင့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမယ်လို့ သိရှိရပါတယ်။