#Local_News
Published 14 January 2025
▪️ ကိုဗစ်နှင့် HMPV ရောဂါပိုးအပါအဝင် ဆောင်းရာသီတွင်ဖြစ်ပွားသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကာကွယ်ရန် ကျန်းမာရေးဝန်ကြီးဌာနမှအသိပေးလိုက်သည်။
▪️ ဆောင်းရာသီကာလမှာ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားစေသည့် ရာသီတုပ်ကွေးရောဂါပိုးများ ၊ ကိုဗစ်-၁၉ ရောဂါပိုး၊ HMPVရောဂါပိုး စသည့် အဏုဇီဝရောဂါပိုးများ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် အသိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။
▪️ အဆိုပါ ရောဂါပိုးများမှာ ဆောင်းရာသီတွင်ကူးစက်ဖြစ်ပွားမှုမြင့်တက်လေ့ရှိပြီး ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများနှင့် ကိုယ်ခံအားစနစ်ကျဆင်းနေသူများတွင် ရောဂါပိုမိုပြင်းထန်စွာခံစားရနိုင်ကြောင်း သိရသည်။
▪️ ယင်းရောဂါလက္ခဏာများ အနေဖြင့် ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နှာစေးနှာပိတ်ခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရောဂါပြင်းထန်ပါက လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းများဖြစ်နိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် ရောဂါကူးစက်ပုံနည်းလမ်းများမှာ ရောဂါပိုးကူးစက်ခံစားနေရသူ၏ ချောင်းဆိုး၊ နှာချေခြင်းကြောင့်ထွက်သည့် အစက်အမှုန်များမှတစ်ဆင့်ကူးစက်ခြင်း၊ ရောဂါပိုးကူးစက်ခံစားနေရသူနှင့် အနီးကပ်ထိတွေ့ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းမှ တစ်ဆင့်ကူးစက်ခြင်း၊ ရောဂါပိုးကပ်တင်နေသည့် အရာဝတ္ထုပစ္စည်းများ၊ မျက်နှာပြင်များကို လက်ဖြင့် ထိမိပြီး ပါးစပ်၊ နှာခေါင်းနှင့်မျက်စိများကို ထပ်ဆင့်ထိမိရာမှ တစ်ဆင့် ကူးစက်ခြင်းများ ဖြစ်ပွားနိုင်ကြောင်း ဖော်ပြထားသည်။
▪️ ထို့ကြောင့် ရောဂါသံသယလက္ခဏာများ ခံစားရပါက ပါးစပ်၊နှာခေါင်းစည်း(Mask)တပ်ခြင်း၊ ဆပ်ပြာနှင့် ရေ သို့မဟုတ် ရေမလိုလက်သန့်စင်ဆေးရည်ဖြင့် စနစ်တကျလက်ဆေးခြင်း၊ နှာချေ၊ ချောင်းဆိုးပါက နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံစွာဖုံးအုပ်ခြင်း၊ အခြားသူများနှင့် ခပ်ခွာခွာနေခြင်းစသည့် ကာကွယ်ရေးနည်းလမ်းများကိုလုပ်ဆောင်ရန် လိုအပ်ကြောင်း အသိပေးထားသည်။
▪️ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှုမြင့်တက်နေသည့် ပြည်ပနိုင်ငံများကို သွားရာက်မည့်သူများအနေဖြင့် ရောဂါပိုးကူးစက်ခံရမှုမရှိစေရေး သတိပြုကာကွယ်ကြရန်၊ မိမိနိုင်ငံကို ပြန်လည်ရောက်ရှိပြီးနောက် ရောဂါသံသယလက္ခဏာများ ပေါ်ပေါက်လာပါကလည်း နီးစပ်ရာကျန်းမာရေးဌာနမျာကို စောစီးစွာ သွားရောက်ပြသပြီး ကုသမှုခံယူကြရန် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times