#Local_News
Published 4 December 2024
▪️ မြန်မာနိုင်ငံသို့ ခေတ္တပြန်လိုသည့် စင်ကာပူနိုင်ငံရောက်PV အမျိုးအစားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများကို PJ အမျိုးအစားနိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲပေးမည်ဟု စင်ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။
▪️ ထိုသို့ပြောင်းလဲထုတ်ပေးရာတွင် စင်ကာပူနိုင်ငံ၌ အလုပ်လုပ်ကိုင်ပြီး ဝင်ငွေခွန် ပေးဆောင်ကြသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ခေတ္တပြန်လိုသည့် အခြေအနေအရ PV အမျိုးအစားမှ PJ အမျိုးအစားနိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊PV အမျိုးအစား နိုင်ငံကူးလက်မှတ်နှင့် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်၍ နေထိုင်ခွင့်ကတ် ကိုင်ဆောင်ကြသည့် မြန်မာနိုင်ငံသားများမှာ ဝင်ငွေခွန်ပေးဆောင်ပြီး မှတ်တမ်းများနှင့် မြန်မာနိုင်ငံသို့ ခေတ္တပြန်ဝင်ရောက်အပြီး စင်ကာပူနိုင်ငံသို့ ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်းကောင်း၊ OWIC ကတ်ပြုလုပ်ရာတွင်လည်းကောင်း အဆင်မပြေမှုများနှင့် ကြုံတွေ့ရကြောင်း၊ စင်ကာပူရှိ မြန်မာသံရုံးမှ ကူညီမှုပြုရေး ဆက်သွယ်ပြောကြားမှုများရှိနေကြောင်း သံရုံးက ထုတ်ပြန်သည်။
▪️ PV မှ PJ သို့ပြောင်းလဲနိုင်ရန်အတွက် အသွားအပြန် လေယာဉ်လက်မှတ်၊ သက်တမ်းရှိသည့် အလုပ်လုပ်ကိုင်ခွင့်ကတ်၊ နိုင်ငံကူးလက်မှတ်၊ အလုပ်ရှင်၏ ခွင့်စာ အစရှိသည်တို့ကို နှစ်ပတ်ကြိုတင်ရက်ချိန်းရယူရန်လိုအပ်ကြောင်း၊ နာရေးကဲ့သို့ အရေးပေါ်ကိစ္စဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသူများအနေဖြင့် ရက်ချိန်းရယူရန်အဆင်မပြေပါက သံရုံးသို့ နံနက် ၉ နာရီခွဲမှ ၁၁ နာရီအတွင်း လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ကြောင်း ၊သာမန်အားဖြင့် PV အမျိုးအစားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအနေဖြင့် သက်တမ်းကုန်ဆုံးရက် ၁၄ လအောက်မှသာ PJ အမျိုးအစားသို့ ပြောင်းလဲလျှောက်ထားခြင်းဖြင့် မလိုလားအပ်သည့် အချိန်ကုန်၊ ငွေကုန်ခြင်းမှ ရှောင်ရှားနိုင်ရန် သံရုံးနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံအပ်ကြောင်း မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#YMG/SW#Yangon_Times