#Local_News
Published 30 April 2025

▪️ ငလျင်ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချရန် ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

▪️ ထိုသို့ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းပွဲတော်ဖွင့်လှစ်ရောင်းချပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ကနေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၌ကျင်းပခဲ့‌ကြောင်း သိရသည်။

▪️ ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများသည် မဖြစ်မနေလိုအပ်သောပစ္စည်းများဖြစ်ပြီး ငလျင်ဖြစ်ပွားရာ ဒေသများကို စုံစမ်းကြည့်ရာတွင် လိုအပ်ချက် အရ ဈေးနှုန်းကြီးမြင့် ကွာခြားမှုများရှိနေသည်ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်ရာ ငလျင်ဘေးသင့်ဒေသများတွင် တည်ဆောက်ရေးပစ္စည်းများ အရည်အသွေးပြည့်မီပြီး ဈေးနှုန်းမှန်ကန်စွာဖြင့် လုံလောက် စွာရရှိနိုင်ရေး၊ အချိန်မီရရှိနိုင်ရေးအတွက် ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း၊ တက်ရောက်လာသည့်ဌာနများနှင့် အသင်းများကလည်း ဈေးရောင်းပွဲတော်အောင်မြင် စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန်ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။

▪️ ငလျင်ဘေးသင့်အဆောက်အအုံများအား ပြင်းအားရစ်(ခ်)တာစကေး ၈ အဆင့် ဒဏ်ခံနိုင်ရန် ပြန်လည်တည်ဆောက်ရာတွင် အရည်အသွေးမှန်ကန်သည့်ပစ္စည်းများ အသုံးပြုနိုင်ရေးနှင့် ဈေးနှုန်းသက်သာစေရေး၊ အာမခံချက်ရှိသည့်ပစ္စည်းများကို လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုရေးနှင့် အဆောက်အအုံများ မြန်ဆန်စွာဆောက်လုပ် နိုင်ရေးရည်ရွယ်၍ ဈေးရောင်းပွဲတော်ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ အဆိုပါဈေးရောင်းပွဲတော်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times