#Local_News
Published 5 October 2024


▪️ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများ ပြန်လည်စိုက်ပျိုးရန် မိုးစပါးထိခိုက်ခဲ့သည့် စိုက်ခင်းများအတွက် တစ်ဧကလျှင်  ကျပ်တစ်သိန်းနှုန်းဖြင့် အတိုးမဲ့ချေးပေးရန် လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

 

▪️ ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်၊ ပျက်စီးခဲ့သည့် သီးနှံများပြန်လည်စိုက်ပျိုးရန် အရင်းမပျောက်မတည်ငွေနှင့် မျိုးစေ့၊ ရွက်ဖျန်းမြေဩဇာနှင့် ပိုးသတ်ဆေးများ အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ငွေလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

▪️ အဆိုပါ အခမ်းအနားတွင်  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက အရင်းမပျောက်မတည်ငွေ ကျပ်သိန်း (၁၂၅၀၀)၊ ထောက်ပံ့ငွေကျပ်သိန်း (၅၀၀၀)နှင့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌက ထောက်ပံ့ငွေကျပ်သိန်း (၅၀၀၀)ကို ပေးအပ်လှူဒါန်းကြရာ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများက လက်ခံရယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကြသည်။

 

▪️ ယင်းနောက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယခုပေးအပ်သည့် ထောက်ပံ့ငွေကျပ်သိန်း (၅၀၀၀)မှ ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် စပါးစိုက်ဧရိယာ (၇၇၇၃)ဧကအတွက် မျိုးစေ့တစ်တင်း၊ ရွက်ဖျန်းမြေဩဇာ၊ ပိုးသတ်ဆေးအပါအဝင် တစ်ဧကလျှင် စုစုပေါင်း (၆၄၃၂၅)ကျပ်နှုန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အရင်းမပျောက်မတည်ငွေ ကျပ်သိန်းပေါင်း (၁၂,၅၀၀)ကို မိုးစပါးသီးနှံထိခိုက်မှုရှိခဲ့သည့် စိုက်ခင်းများအတွက် တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် အတိုးမဲ့ချေးပေးရန် လျာထားကြောင်း၊ မိုးစပါး ပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသော ဧရိယာများတွင် တောင်သူများတွက်ချေကိုက်သော အခြားသီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရန် ထောက်ပံ့ငွေကျပ် သိန်း ၅၀၀၀ ဖြင့် စီမံဆောင်ရွက်ပေးမည်ဖြစ်ပြီး မတ်ပဲ (၂၆၉၂)ဧကနှင့် ပဲတီစိမ်း (၁၃၀၄)ဧကအတွက် တစ်ဧကလျှင် မျိုးစေ့တစ်တင်းနှုန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times