#Local_News
Published 14 March 2025

▪️ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲ  (Forum on Myanmar Beyond 2025; Challenges and Opportunities in the Multipolar World) ကို မတ်လ (၂၁) ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)တွင် ကျင်းပမည်ဖြစ်ရာ  စိတ်ပါဝင်စားသူများအား တက်ရောက်ရန် ဖိတ်ခေါ်ကြောင်း သိရသည်။

▪️ အဆိုပါ သုံးသပ်ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနမှ  ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပခြင်းဖြစ်သည်။

▪️ ဆွေးနွေးပွဲတွင်  “ပြောင်းလဲနေသော ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနှင့်အာရှ၏ အခန်းကဏ္ဍ”၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီစီးပွားရေး စိန်ခေါ်မှုများနှင့် ရရှိနိုင်သည့်အခွင့်အလမ်းများ” ၊ “၂၀၂၅အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီနိုင်ငံရေးစိန်ခေါ်မှုများနှင့်ရရှိနိုင်သည့် အခွင့်အလမ်းများ” စသည့် ခေါင်းစဉ်သုံးခုကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ နီပေါနိုင်ငံတို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းမှပညာရှင်များက ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှလေ့လာသုံးသပ်သူများ (Observers) လည်း ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ထို့အပြင် သုံးသပ်ဆွေးနွေးပွဲကို နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏အခြေအနေမှန်ကို ကမ္ဘာကသိရှိစေပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန်စွပ်စွဲပြောဆိုမှုများကို တန်ပြန်ချေဖျက်၍ နိုင်ငံ့ပုံရိပ်မြှင့်တင်ရန်နှင့် ၂၀၂၅ ခုနှစ်အလွန် ပြောင်းလဲလာနေသည့် ကမ္ဘာ့အခင်းအကျင်းဖြစ်သော ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) တွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအား သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

▪️ ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲသို့ တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့်  https://myanmarnarrative.org/ ၏ Registration Form မှတစ်ဆင့် အမည်စာရင်းပေးသွင်းနိုင်ပြီး အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲ၊ တယ်လီဖုန်းအမှတ် ၀၆၇ ၃၄၁၂၁၈၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

#YMG/NN #Yangon_Times