#Local_News
Published 18 November 2024

▪️ ရန်ကုန်စတော့အိပ်ချိန်း၏ ဒုတိယမြောက်ဈေးကွက် (Pre Listing Board-PLB) တွင် ပထမဆုံးစာရင်းဝင်ကုမ္ပဏီဖြစ်သည့် မြန်မာ့လယ်ယာနှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (MAGDPL) သည်မှ  သာမန်အစုရှယ်ယာတစ်စုအပေါ် အမြတ်ငွေ ၅၀၀ ကျပ်ကို ယနေ့  နိုဝင်ဘာလ (၁၈) ရက်နေ့မှစတင်၍ ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။

▪️ ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် သာမန်အစုရှယ်ယာတစ်စုအပေါ်တွင် အမြတ်ငွေ ၅၀၀ ကျပ်အား ခွဲဝေပေးခြင်းဖြစ်သည်။

▪️ မြန်မာ့လယ်ယာနှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (MAGDPL) ကို မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ အမှုဆောင်ကော်မတီဝင်အများစုဖြင့် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး  သီလဝါအထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမ္ပဏီ (Myanmar Thilawa SEZ Holdings Public Company Limited-MTSH) တွင် ကနဦးတည်ထောင်သူ အစုရှယ်ယာရှင်လည်းဖြစ်၍ Myanmar National Telecom Holdings Public Company Ltd (MNTH) တွင်လည်း ကနဦးတည်ထောင်သူ အစုရှယ်ယာရှင်အဖြစ် ပါဝင်ဆောင်ရွက်ထားကာ
ကုမ္ပဏီ၌  အစုရှယ်ယာရှင်အရေအတွက် ၁၀၉ ဦးရှိပြီး စုစုပေါင်းအစုရှယ်
ယာတန်ဖိုးမှာ ကျပ်ငွေ ၁၀ ဘီလီယံကျော်ဖြစ်ကြောင်း သိရသည်။

▪️ ထို့အပြင် ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ထားသော အစုရှယ်ယာရှင်များအတွက် အစုရှယ်ယာရှင်များ စာရင်းဖွင့်လှစ်ထားသည့် Securities Account များသို့ အမြတ်ငွေကို တိုက်ရိုက်လွှဲပြောင်းပေးမည်ဖြစ်ပြီး စာရင်းဖွင့်လှစ်ထားခြင်းမရှိသေးသော အစုရှယ်ယာရှင်များအနေဖြင့် ကိုယ်တိုင်ဖြစ်ပါက Share Certificate (မူရင်းနှင့်မိတ္တူ)နှင့် မှတ်ပုံတင်မူရင်း ပြသ၍သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ Share Certificate (မူရင်းနှင့်မိတ္တူ)၊ အစုရှယ်ယာရှင်၏ မှတ်ပုံတင်မိတ္တူ၊ ကိုယ်စားလှယ်၏ မှတ်ပုံတင် (မူရင်းနှင့် မိတ္တူ) တို့နှင့်အတူ MAGDPL ရုံးချုပ်သို့ သွားရောက်ကာ ထုတ်ယူနိုင်ကြောင်း သိရသည်။

#YMG/NN #Yangon_Times