#Local_News
Published 20 November 2024


▪️ ယခု ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ၌ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ငါးခု၌သဘာဝမြေဩဇာများပေါင်းစပ်အသုံးပြုမှုဆိုင်ရာ သုတေသနစံပြကွက် (၃၉)ကွက်ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

▪️ ထိုသို့ ဆောင်ရွက်ရာတွင်  နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စုစုပေါင်း (၃၉)ကွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

▪️ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် သဘာဝမြေဩဇာထုတ်လုပ်သည့် ကုမ္ပဏီများပူးပေါင်း၍ တောင်သူလယ်သမားများ သဘာဝမြေဩဇာသုံးစွဲမှုတိုးမြှင့်သုံးစွဲခြင်းဖြင့် စပါးအထွက်နှုန်းပိုမိုကောင်းမွန်ခြင်း၊ ကုန်ကျစရိတ်သက်သာ၍ ဝင်ငွေပိုမိုစေခြင်း၊ ရေရှည်တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေခြင်း၊ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများရရှိစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီတွင် သဘာဝ မြေဩဇာများပေါင်းစပ်အသုံးပြုမှုဆိုင်ရာ သုတေသနစံပြကွက်များကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

▪️ အဆိုပါ သုတေသနစံပြကွက်များအား တောင်သူပညာပေးပြသခြင်း၊ စံကွက်ရိတ်သိမ်းခြင်းများကို ဒေသအလိုက် စံပြကွက်များတွင် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ  ၂၉ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင် လည်းကောင်း၊ နိုဝင်ဘာ ၅ရက်နေ့တွင်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင်လည်းကောင်း၊ နိုဝင်ဘာ၁၉ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်လည်းကောင်း ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

▪️ ယင်းတောင်သူပညာပေးပြသပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် သက်ဆိုင်ရာ သဘာဝမြေဩဇာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဒေသရှိတောင်သူလယ်သမားများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

#YMG/NN #Yangon_Times