#Local_News
Published 4 March 2025

▪️ မြန်မာနိုင်ငံတွင် ရှေးခေတ်များစွာကတည်းက ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ အပယ်ရတနာဘုရားနှင့် စူဠာမဏိစေတီတို့ရှိ နံရံဆေးပန်းချီများတွင်သနပ်ခါးလိမ်းခြယ်သုံးစွဲမှု တည်ရှိခဲ့ကြောင်းကို လေ့လာတွေ့ရှိရကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ပြုပြင်ထိန်းသိမ်းရေးဌာနစုမှ သိရသည်။

▪️ အဆိုပါ နံရံဆေးပန်းချီများသည် သမိုင်းအထောက်အထားများအဖြစ် ခိုင်မာစွာ တည်ရှိပြသလျက်ရှိပြီး ရှေးဟောင်းယဉ်ကျေးမှုအတွက် တန်ဖိုးဖြတ်၍ မရသည့်  သမိုင်းအမွေအနှစ်ပုံများဖြစ်ကြောင်း သိရသည်။

▪️ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသည် ပုဂံဒေသရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းပြုပြင်စောင့်ရှောက်လျက်ရှိပြီး အပယ်ရတနာဘုရားရှိ သနပ်ခါးလိမ်းခြယ်မှုဟန် ပါဝင်သည့် နံရံဆေးပန်းချီများကို မှတ်တမ်းပြုစုထားရှိပြီးဖြစ်သည်။

▪️ ထို့အတူ ၁၉၉၁ - ၁၉၉၂ ခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းပြီး ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ စူဠာမဏိစေတီအတွင်းရှိ နံရံဆေးပန်းချီကားများအား သန့်စင်ချေးချွတ်ရာမှ သနပ်ခါးလိမ်းခြယ်နေသောပုံများကို တွေ့ရှိမှတ်တမ်းပြုစုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times