#Local_News
Published 17 January 2025


▪️ ပုပ္ပားဒေသတွင်သာရှိသည့် ပုပ္ပားမျောက်မြှီးရှည်များ ခွင့်ပြုချက်ဖြင့် လာရောက်လေ့လာနိုင်မည်ဖြစ်ကြောင်းပုပ္ပားတောင်ဘေးမဲ့တောဥယျာဉ်မှ သိရသည်။

▪️ ယခင်ကမျောက်မျက်ကွင်း ဖြူဟုခေါ်ဆိုခဲ့သည့်မီးတောင်ချိုင့်ဝှမ်းအတွင်းတွင်သာ တွေ့ရှိရသော မျောက်များကို  ၂၀၁၆ ခုနှစ်တွင် IUCN Red List အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ၊ ၁၁ ရက်နေ့တွင် မျိုးစိတ်သစ်အဖြစ် သတ်မှတ်ကြေငြာကာ ပုပ္ပားမျောက်မြှီးရှည်များဟု ပြောင်းလဲခေါ်ဆိုခဲ့ကြောင်း၊ အဆိုပါ ပုပ္ပားမျောက်မြှီးရှည်များ မျိုးသုန်းပျောက်ကွယ်ခြင်းမှကာကွယ်ရန် ၎င်းတို့နေထိုင်ကျက်စားရာ တောများအား ထိန်းသိမ်းကာကွယ်ခြင်း၊ ပျက်စီးပြုန်းတီးသွားသောတောများကို ပြန်လည်ပြုစု ပျိုးထောင်ခြင်း၊ ဖမ်းဆီးပစ်ခတ်ခြင်းအား ထိရောက်စွာတားမြစ်ခြင်းနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများကပါ ပူးပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

▪️ မြန်မာနိုင်ငံတွင်သာ တွေ့ရှိနိုင်သည့် ပုပ္ပားမျောက်မြှီးရှည်များကို ဒေသခံများက မျောက်သူတော်ဟုလည်းကောင်း၊ မျောက်ဇီးကွက်ဟုလည်းကောင်း၊ မျောက်မျက်ကွင်း ဖြူဟုလည်းကောင်း ခေါ်ဆိုခဲ့ကြပြီး ပတ်ဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးထားရှိသည့် စိုက်ခင်းများက သီးနှံများ စားသောက်ဖျက်ဆီးခြင်းမပြုပဲ သဘာဝတောထဲက အသီးအ ရွက်နုများကို စားသောက်ကြကြောင်း၊ လူများနှင့်အနီးကပ်နေထိုင်မှုမရှိပဲ တောနက်ထဲနှင့် မတ်စောက်သည့် ကျောက်ထပ်ကမ္ဘားယံများတွင် အနေအထိုင်များကြောင်း၊ မနက်ပိုင်း နေထွက်ချိန်များတွင် မိသားစုလိုက်ဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ နေပူစာလှုံလေ့ရှိကြောင်း ထောင်ခြောက်ကင်မရာမှတ်တမ်းများအရ သိရသည်။

▪️ ပုပ္ပားမျောက်မြှီးရှည်များ သည် ပုပ္ပားတောင်ဥယျာဉ်ရှိ မီးတောင် ချိုင့်ဝှမ်းအတွင်း၌သာမက နွားလဘို့တောင်၊ မှန်ပြတောင်၊ ဆေးမွန်တောင်တို့တွင် နေထိုင် ကျက်စားနေကြောင်း   ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စာရင်းကောက် ယူမှုမှတ်တမ်းများအရ အကောင်ရေ (၁၁၆) ကောင်ခန့် တွေ့ရှိရပြီး ၂၀၂၄ ခုနှစ် စာရင်း ကောက်ယူမှုမှတ်တမ်းများအရအကောင်ရေ (၁၅၀)ခန့်တွေ့ရှိခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times