#Local_News
Published 26 June 2025
▪️ လာမည့် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းကာလအတွင်းလေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် တရားပွဲ ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ကျင်းပရာတွင် ဇူလိုင်လ ၉ ရက်(၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့) တွင် ဓမ္မစကြာအခါတော်နေ့အခမ်းအနားနှင့် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား၊ ဩဂုတ်လ ၈ ရက် (ဝါခေါင်လပြည့်နေ့) မေတ္တာအခါတော်နေ့အခမ်းအနားနှင့် ပန်းပေါင်း ၈၄,၀၀၀ ပူဇော်ပွဲအခမ်းအနား၊ စက်တင်ဘာလ ၆ ရက် (တော်သလင်းလပြည့်နေ့)မှာ ဂရုဓမ္မအခါတော်နေ့အခမ်းအနား၊ အောက်တိုဘာလ ၅ ရက်(သီတင်းကျွတ်အဖိတ်နေ့) တွင် သီတင်းကျွတ်မီးထွန်းပွဲတော်အခမ်းအနား၊ အောက်တိုဘာလ ၆ ရက်(သီတင်းကျွတ်လပြည့်)မှာ အဘိဓမ္မာ အခါတော်နေ့အခမ်းအနား စသည့် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။
▪️ အဆိုပါအခမ်းအနားများအပြင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့ အထိ လပြည့်၊ လကွယ်နှင့် ကြားရက် ဥပုသ်နေ့များတွင် ဘုရားဖူးပြည်သူများအနေဖြင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်နိုင်ရန် သီလခံယူပွဲများစီစဉ်ထားပြီး ရဟန်းရှင်လူ ပြည်သူအများအနေဖြင့် ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ကြောင်း သိရသည်။
▪️ ထို့အတူ သဗ္ဗညုတရွှေဉာဏ်တော်ရှင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆံတော်စစ်ရတနာ ကိန်းဝပ်တော်မူရာ ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးမှာလည်း ဝါတွင်းကာလများမှာ အပတ်စဉ်ဥပုသ်နေ့များတွင် (၅၃) ကြိမ်မြောက်အဖြစ် တရားပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times