#Local_News
Published 11 April 2025

▪️ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် PTTEP International Ltd. တို့အကြား ရတနာကမ်းလွန်စီမံကိန်း အထွက်တိုးရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဧပြီလ၉ ရက်နံနက်ပိုင်းက စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

▪️ အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ယနေ့ချုပ်ဆိုသည့် စာချုပ်အရ ပိုမိုတိုးမြှင့်ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များကို မြန်မာနိုင်ငံပြည်သူများသာမက ထိုင်းနိုင်ငံပြည်သူများအနေဖြင့်လည်း မျှဝေသုံးစွဲခွင့်ရရှိမည့်အပေါ် ဝမ်းမြောက်မုဒိတာပွားမိပါကြောင်း၊ မိမိတို့စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံးဖြည့်ဆည်း၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အတိုင်း သတ်မှတ်ချိန်အတွင်း သဘာဝဓာတ်ငွေ့များ တိုးမြှင့်ထွက်ရှိလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

▪️ ယခုလက်မှတ်‌ရေးထိုးခြင်းသည် နိုင်ငံတော်၏ အားထားရသည့် ကမ်းလွန်စီမံကိန်းတစ်ခုဖြစ်သည့် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့မြေတွင် အထွက်နှုန်းကျဆင်းလာခြင်းကို ကုစားနိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် PTTEP International Ltd. တို့ အထွက်နှုန်းတိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times