#Local_News
Published 3 Jan 2025

▪️ KIA ၊ PDF ၊TNLA တို့ထိန်းချုပ်သောဒေသများသို့ တရားမဝင်စက်သုံးဆီများပို့ဆောင်ရောင်းချနေသူများအား ဖမ်းဆီးလိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

▪️ အချို့ဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်များက စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ အချို့နေရာဒေသများတွင် လုံခြုံရေးဆိုင်ရာကန့်သတ်ချက်ရှိမှုအပေါ် အခွင့်ကောင်းယူ၍ ရှောင်ကွင်းလမ်းများ အသုံးပြုကာ စက်သုံးဆီမျာကို နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ အချို့သောကျေးရွာများတွင် ဆီသိုလှောင်ထားရှိရာ နေရာများပြုလုပ်၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသများသို့ ပို့ဆောင်ကာ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချလျက်ရှိကြောင်း သတင်းအရ အထက်ပါအတိုင်းဖမ်းဆီးခဲ့‌ကြောင်းသိရသည်။

▪️ စက်သုံးဆီများကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ဆီသိုလှောင်ခြံများပြုလုပ်၍ သိုလှောင်ရောင်းဝယ်လျက်ရှိကြောင်းသတင်း ရရှိသဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ကြကြောင်းသိရသည်။

▪️ ယင်းတွင်မန္တလေးမြို့နေ ပိုင်ရှင် ဦးသိန်းသန်းဝင်း(တိမ်းရှောင်) ပိုင်ဆိုင်သည့် သိန်းသန်းစက်သုံးဆီခြံ၊ ဆားတောင်မြို့နေ ဒေါ်ထက်ထက်မျိုးဆွေ၊ ၂၆ နှစ်၊ (ဘ) ဦးဇော်မျိုး ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြင်းမူမြို့နေ ဒေါ်ဇင်မာမြင့်၊ ၂၇ နှစ်၊ (ဘ) ဦးကျော်ဝင်း ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြစ်ငယ် မြို့နေမျိုးမင်း(တိမ်းရှောင်)ပိုင်ဆိုင်သည့် စက်သုံးဆီခြံနှင့် Golden Star စားသောက်ဆိုင်အနီးတွင် ရပ်တန့်ထားသည့်တရားမဝင်စက်သုံးဆီရောင်းဝယ်သည့်ယာဉ်များ စသည့်နေရာ ၅ နေရာမှ တရားခံ ၁၇ ဦးအား ၂၂ ဘီး ဆီသယ်ယာဉ် ၄ စီး၊ ဆီနောက်တွဲယာဉ် ၁ စီး၊ ၂ဝ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၁၂ ဘီး ဆီသယ်ယာဉ် ၁ စီး၊ ၁ဝ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၈ ဘီးဆီသယ်ယာဉ် ၁ စီး၊ ၆ ဘီး ဆီသယ်ယာဉ် ၃ စီး၊ Light Truck ယာဉ် ၅ စီး၊ Toyota Van ၁ စီး၊ စုစုပေါင်းယာဉ် ၂၂ စီး၊ ပရီမီယမ်ဒီဇယ် ၃ဝ,ဝ၈၃ ဂါလန်၊ အောက်တိန်း 92 ဓာတ်ဆီ ၃၀,၄၆၂ ဂါလန်၊ စုစုပေါင်းစက်သုံးဆီမျိုးစုံ ၆၀,၅၄၅ ဂါလန်နှင့် တရားမဝင်စက်သုံးဆီများ အရောင်းအဝယ် ပြုလုပ်ရာတွင် အသုံးပြုသည့်ငွေများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းနစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

▪️ အဆိုပါ တရားမဝင်စက်သုံးဆီရောင်းချသူများအနေဖြင့် စက်သုံးဆီများကို မန္တလေးမြို့မှတစ်ဆင့် ဧရာဝတီတံတား(ရတနာပုံ)ကိုဖြတ်သန်း၍ စစ်ကိုင်း- ရှိန်းမကား- ကမ်းဖြူ- သစ်စိမ့်ကြီးသို့ စစ်ကိုင်း-ရွှေဘိုအမှတ်(၃)ခရိုင်ချင်းဆက်လမ်းမကြီးအတိုင်း သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် KIA အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော ဖားကန့်ဒေသရှိကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများ၊ တနိုင်းဒေသရှိ ရွှေနှင့်ပယင်းမှော်လုပ်ငန်းများသို့လည်းကောင်း၊ PDF အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော ကောလင်းဒေသရှိ တရားမဝင်ရွှေလုပ်ကွက်များနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ တရားမဝင်ရွှေလုပ်ကွက်များ၊ TNLA/PDF အကြမ်းဖက်သောင်းကျန်း သူများ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသောစဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းဒေသရှိတရားမဝင်ရွှေလုပ်ကွက် များသို့လည်းကောင်း၊ မိုးကုတ်ဒေသရှိ တရားမဝင်ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များသို့လည်းကောင်း အသီးသီးပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။

▪️ အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများမှလည်း စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုအပေါ်မူတည်၍ တရားဝင်ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များမှတစ်ဆင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းမှုများပြုလုပ်ကာ အရေအတွက်များပြားလာပါက တရားမဝင်ဆီသိုလှောင်ခြံများသို့ သွားရောက်ရောင်းချမှုများ ပြုလုပ်ကြသည့်အတွက် တရားမဝင်စက်သုံးဆီရောင်းဝယ်သည့်လုပ်ငန်းများ ပေါ်ပေါက် နေပြီး တရားမဝင်ဈေးကွက်တစ်ခုသဖွယ်ဖြစ်ပေါ်လျက်ရှိသောကြောင့် ပြည်တွင်းဈေးကွက်၌ စက်သုံးဆီဈေးနှုန်းများမြင့်တက်လာခဲ့ပြီး ဆီဈေးနှုန်းကြီးမြင့်မှုပေါ်မူတည်၍ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများလည်း မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

▪️ ယင်းကြောင့် တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချမှုပြုလုပ်ခဲ့သည့် တရားခံ ၁၇ ဦးအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့် ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။

▪️ ၎င်းအပြင်ဖမ်းဆီးရမိခဲ့သည့်ယာဉ်များနှင့် စက်သုံးဆီများကိုလည်း စိစစ်မှုများပြုလုပ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

#Yangon -Times/ PP