#Local_News
Published 24 February 2025
▪️ အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ခြင်းခံထားရသည့် "ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော"အတွင်း ရှားပါးမျိုးစိတ်ဝင် ဘင်္ဂလားကျားနှင့် ဝက်ဝံမျိုးစိတ်များ ရှင်သန်ကျက်စားနေကြောင်း ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
▪️ အဆိုပါ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည်စစ်ကိုင်းတိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်း တည်ရှိပြီး တိရစ္ဆာန်မျိုးစိတ်များ ရှင်သန်ကျက်စားမှုကို လေ့လာသိရှိနိုင်ရန် နှစ်စဉ်ကင်မရာထောင်ချောက်များ တပ်ဆင်၍ မှတ်တမ်းယူလေ့ရှိကြောင်း သိရသည်။
▪️ ထိုသို့ မှတ်တမ်းယူရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်က ကင်မရာထောင်ချောက်များ တပ်ဆင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကင်မရာများ ဖြုတ်သိမ်းခဲ့ကာ တောရိုင်းတိရစ္ဆာန်ကောင်ရေနှင့် အမျိုးအစားအလိုက် ရှင်သန်ကျက်စားမှုကို ဆက်လက်စစ်ဆေးမှတ်တမ်းတင်ခဲ့ကြောင်း၊ ယခုနှစ်တပ်ဆင်ထားသည့် ကင်မရာထောင်ချောက်များမှတစ်ဆင့် ရှားပါးမျိုးစိတ်ဝင်ဘင်္ဂလားကျားနှင့် ဝက်ဝံမျိုးစိတ်ရှင်သန်ကျက်စားမှုကို ဆက်လက်တွေ့ရှိရကြောင်း သိရသည်။
▪️ “ဒီနှစ်မှာလည်း နန်ရန်းရင်တစ်ဝိုက်မှာ တစ်ပွိုင့်ကို နှစ်လုံး၊ တစ်ယူနစ်ကို ကင်မရာ ၁၂ လုံးနဲ့ ကင်မရာထောင်ချောက် ၂၄ လုံး တပ်ဆင်ခဲ့ပါတယ်။ ရရှိထားတဲ့ပုံတွေကို ပြန်စစ်တဲ့အခါမှာ အရင်နှစ်ကလို ကျားနဲ့ဝက်ဝံတွေ ရှင်သန်ကျက်စားမှုကို တွေ့ခဲ့ရပါတယ်။ ကင်မရာတစ်လုံးကို ပုံထောင်ကျော်ရရှိတဲ့အတွက် စစ်ဆေးမှုအားလုံးတော့ မပြီးသေးပါဘူး။ ထမံသီဘေးမဲ့တောကြီး ရေရှည်တည်တံ့ဖို့အတွက် ဒေသခံတွေအပါအဝင် အားလုံးဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်မှသာ အောင်မြင်မှုရရှိမှာပါ”ဟု ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က ပြောသည်။
▪️ အဆိုပါ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၁၉၇၄ ခုနှစ် မေလတွင် ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၉၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ဟုမ္မလင်းမြို့၌ အုပ်ချုပ်ရေးမှူးရုံးဖွင့်လှစ်၍ ဘေးမဲ့တောထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် အတည်ပြုသတ်မှတ်ခြင်းခံခဲ့ရသည်။
▪️ ထို့အပြင် ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသည် အမြဲစိမ်းတောနှင့်အထက် ရွက်ပြတ်ရောနှောတောစိုအဖြစ်တည်ရှိပြီး ရှားပါးတောရိုင်းတိရစ္ဆာန်များ၊ ငှက်မျိုးစိတ်များ၊ အပင်မျိုးစိတ်များစွာတည်ရှိနေကြောင်း သိရသည်။
▪️ ၎င်းအပြင် မြန်မာနိုင်ငံတွင်သာတွေ့ရှိရသော မြန်မာ့တိုက်လိပ်အပါအဝင် နို့တိုက်သတ္တဝါ ၅၇ မျိုး၊ ငှက်မျိုးစိတ် ၃၃၂ မျိုး၊ ငါးမျိုးစိတ် ၆၇ မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ ၇၇ မျိုး၊ အပင်မျိုးစိတ် ၄၃၂ မျိုး၊ ဆေးဖက်ဝင်အပင် ၁၉ မျိုး၊ ဝါး ၁၄ မျိုး၊ ကြိမ် ၈ မျိုး၊ ရေနေပင် ၂၃ မျိုး၊ မြက် ၁၈ မျိုးနှင့် သစ်ခွ ၁၆ မျိုးတို့ ရှင်သန်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times