#Local_News
Published_27 Nov 2024
▪️ ယခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့ခြင်း၊ သွင်းအားစုများဈေးနှုန်းမြင့်တက်ခြင်းတို့ကိုအကြောင်းပြ၍ အခြေခံစားကုန်များ ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် အခြေခံလူတန်းစားများအနေဖြင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း နစက ဥက္ကဌက ပြောသည်။
▪️ ယနေ့ နိုဝင်ဘာလ ၂၇ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအတွင်းဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။
▪️ ယင်းက အဓိကစားသုံးသည့် အသားများဖြစ်သည့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး တွင် အများစုကို ဒေသအလိုက်၊ နေရာအလိုက် အောင်မြင်စွာမွေးမြူနိုင်သည့် အခြေအနေများပိုင်ဆိုင်ပြီးဖြစ်၍ အမှန်သာအလုပ်လုပ်ကြမည်ဆိုပါက ဒေသတွင်းစားရေး ဖူလုံမှုကို အထောက်အကူပြုနိုင်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံး နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ ၎င်းအပြင် ဒေသမျိုးများကိုပင် လှောင်မွေးစနစ်ဖြင့် စနစ်တကျမွေးမြူပါက တိုးတက်မှု များပြားလာမည်ဖြစ်ပြီး ဒေသတွင်းကုန်ကြမ်းများကို အသုံးပြု၍ အစာကျွေးမွေးမည် ဆိုပါက အောင်မြင်သည့် မွေးမြူရေးလုပ်ငန်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အခြေခံလူတန်းစားများ၏ သက်သာချောင်ချိရေးကို အထူးအလေးထားဆောင်ရွက်ပေးရန်လိုကြောင်း နစက ဥက္ကဌက ပြောသည်။
▪️ အလားတူ စိုက်ပျိုးရေးလုပ်ငန်းများ၌လည်း သီးထပ်စွမ်းအားတိုးမြှင့်ခြင်း၊ စိုက်ဧကတိုးချဲ့ခြင်းဟူသည့် နည်း လမ်း ၃ သွယ်ဖြင့် အထွက်နှုန်းတိုးမြင့်အောင် ဆောင်ရွက်နိုင်ကြောင်း၊ မူလရှိပြီး အခြေခံအပေါ် တိုးတက်အောင်ဆောင်ရွက်ရခြင်းဖြစ်သောကြောင့်ဖြစ်နိုင်ခြေမြင့်မားသဖြင့် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင် ဆိုသည်။
▪️ ထို့နောက် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်သွင်းအားစုများ ပြည့်ပြည့်ဝဝရရှိစေရေးသက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ တာဝန်ရှိသူများအနေဖြင့် ကြံဆဆောင်ရွက်သွားကြရန်၊စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက GDP တိုးတက်လာပြီး နိုင်ငံ၏ဘဏ္ဍာငွေတိုးတက်ရရှိလာမည့်အပြင်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီအောင် ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသို့ပါတင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး ပြည်ပပို့ကုန်များ မြှင့်တင်နိုင်မည်ဖြစ်ကြောင်းလည်း ယင်းကပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/PP