#Local_News
Published 10 June 2025

▪️ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၇ခုနှစ်၊နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍ စေတီတော်ရင်ပြင်ရှိသတ်မှတ်နေရာများ၌ကျင်းပခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှသိရသည်။

▪️ ထိုသို့ကျင်းပရာတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများအကျိုးဆောင်အဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီးနောက် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား စေတီတော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

▪️ ထို့နောက် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)ရေစက်ချပွဲအခမ်းအနားကို စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ သ•စ•အ ဓမ္မာစရိယပါဠိပါရဂူ၊ တိပိဋကဓရတိပိဋကကော၀ိဒရွေးချယ်ရေးအဖွဲ့သြ၀ါဒါစရိယ မဟာ၀ိသုဒ္ဓါရုံကျောင်းတိုက်မှဘဒ္ဒန္တသိရိန္ဒာဘိ၀ံသ(ယောဆရာတော်)ထံမှဧည့်ပရိသတ်များက နဝင်္ဂသီလ ခံယူဆောက်တည် ကြပြီး ဆက်လက်၍ နယုန်လပြည့် (မဟာသမယအခါတော်နေ့)အခမ်းအနားကျင်းပရေးဗဟိုကော်မတီဥက္ကဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဒေါက်တာနေဝင်း က ဇယမင်္ဂလာအနုမောဒနာစာတမ်းလွှာကိုလျှောက်ထားကြောင်း သိရသည်။

▪️ ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့်ပင့်သံဃာတော်များအား ဂေါပကအဖွဲ့၀င်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး
နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ သာသနဓဇဓမ္မာစရိယ၊  အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ နိုင်ငံ‌ တော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဗဟိုဥက္ကဋ္ဌ၊ စမ်းချောင်းမြို့နယ် နေနတ်သားပရိယတ္တိ စာသင်တိုက်၊ ပဓာန နာယက၊ ဘဒ္ဒန္တသုစိတ္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။

▪️ ထို့နောက် စေတီတော်ရင်ပြင် ချမ်းသာကြီးတန်ဆောင်းစုရပ်မှစတင်၍ နယုန်လပြည့် မဟာသမယအခါတော်နေ့ လှည်လည်ပူဇော်ပွဲအခမ်းအနားကိုကျင်းပရာမဟာသမယအခါတော်နေ့ ဖြစ်ပေါ်လာပုံအားဖော်ကျူးသည့်အားဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက  ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်ကိုယ်စားပြု မင်း၊ မူးမတ်၊ အဆောင်အယောင်များဖြင့် ရာဇာ၀င်းခင်းကာဂေါပကအဖွဲ့၀င်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်များအဖွဲ့နှင့်ရွှေတိဂုံစေတီတော်မြတ်ကြီးသို့လာရောက်ဖူးမြော်ကြည်ညိုကြသည့်ဘုရားဖူးပြည်သူများက ရွှေတိဂုံစေတီတော်မြတ်ကြီးအားလက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ကြပြီးချမ်းသာကြီးတန်ဆောင်းတွင်စိန်ရောင်ခြည်ဘုရားပင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊နတ် ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ်ပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း, အမျှဝေ, သာဓုခေါ်ဆိုခြင်း၊ နတ် ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းတို့ပြုလုပ်ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times