#Local_News
Published 29 May 2025
▪️ ယခုကျောင်းဖွင့်ချိန်အမီငလျင်ဘေးသင့်ကျောင်းများ၌ ယာယီစာသင်ကျောင်းဆောင် အဆောင် ၂၀ တည်ဆောက်ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဇွန်လပထမပတ်အတွင်း ကျောင်းများ အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာကလေးများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင် ၂၀ ကို နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ငါးဆောင်စီတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးငလျင်ဘေးသင့်ဒေသများအတွက် AHA Centre မှတစ်ဆင့် အလှူရှင်နိုင်ငံများက လှူဒါန်းထားသော အသင့်တပ်ဆင်အသုံးပြုနိုင်သည့် ယာယီစာသင်ကျောင်းဆောင်များ (Prefabricated Schools) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ AHA Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lee Yam Ming ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
▪️ ယာယီစာသင်ကျောင်းဆောင်လွှဲပြောင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး AHA Centre ၏ အမှုဆောင် ညွှန်ကြားရေးမှူး Mr. Lee Yam Ming က ယာယီစာသင်ကျောင်းဆောင်များကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့ထံသို့ လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times