#Local_News
Published_27 June 2025

▪️ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ သေနတ်အတုဖြင့်ခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်သူများအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

▪️ ဇွန်လ ၂၀ရက်ည ၈ နာရီခွဲခန့်က မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်နေ ကိုထက်လင်း အောင် (၂၉)နှစ်သည် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၃) ရပ်ကွက် ဘက်မှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင် ပြန်လာစဉ် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ၃၉ လမ်း၊ ၅၁x၅၂ လမ်းကြား အရောက်၌ အမျိုးသား ၃ ဦးက ဆိုင်ကယ်အရှေ့မှ ပိတ်ရပ်ကာသေနတ်ဖြင့် ခြိမ်းခြောက်ပြီး ၎င်းစီးနင်းလာသည့် ဆိုင်ကယ်ကို လုယက်ယူဆောင်သွားကြောင်း သိရှိရသည်။

▪️ ဖြစ်စဉ်မှ သေနတ်ပြခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ဇွန်လ ၂၅ ရက် ညနေ ၄ နာရီခန့်တွင် ခြိမ်းခြောက်လုယက်မှု ကျူးလွန် ခဲ့သူများအနက်မှ မဟာအောင် မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်နေ ညီညီထွန်း(ခ)စီစီ(၁၉)နှစ် (ဘ)ဦးသောင်းထွန်းအား မဟာမြိုင် (၂)ရပ်ကွက်၊ ၆၃x၄၃ လမ်းထောင့်၌ စူပါကပ်အမျိုးအစားဆိုင်ကယ် တစ်စီး၊ ၎င်းဆိုင်ကယ်ခွကြားအတွင်း ဆာလာအိတ်ဖြင့် ထုပ်ပိုးသိုဝှက်၍ သယ်ဆောင်လာသည့် အရှည် ၃၂ လက်မခန့်ရှိ လွယ်ကြိုးပါ ကော်သေနတ် အရှည်(အတု) ၁ လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

▪️ အဆိုပါဖမ်းဆီးရမိတရားခံ ညီညီထွန်း(ခ) စီစီ၏ ထွက်ဆိုချက်အရ ၎င်းသည် ဇွန်လ ၂၀ ရက် ညပိုင်းတွင် ဆား လင်းကြီးမြို့နယ်၊ ကျောက်မျက်ကျေးရွာနေ စိုးမိုးအောင်(ခ) ဖိုးကျော် (၂၅)နှစ် ဘ) ဦးသန်းအောင်ကျော်၊ ဟာ နစ် တို့နှင့်အတူ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်တွင် အမျိုးသားတစ်ဦးထံမှ HONDA CLICK ဆိုင်ကယ်တစ်စီးအား သေနတ်ပြခြိမ်းခြောက်ကာ လုယက် ယူဆောင်ပြီး ချမ်းမြသာစည်မြို့နယ်ရှိ အပေါင်ဆိုင် တစ်ဆိုင်၌ ပေါင်နှံ၍ ၎င်းတို့သုံးဦး ခွဲဝေသုံးစွဲခဲ့ကြောင်း၊ စိုးမိုးအောင်(ခ)ဖိုးကျော်မှာ မဟာအောင်မြေမြို့နယ်၊ စင်္ကြာ နွယ်စဉ်ရပ်ကွက်၊ ၃၇ လမ်း၊ ၇၃x၇၅ လမ်းကြားရှိ “Dream37”တည်းခိုခန်း၌ တည်းခိုနေထိုင်ကြောင်း ထပ်မံဖော်ထုတ်သိရှိရသဖြင့် စိုးမိုးအောင်(ခ)ဖိုးကျော်အား အဆိုပါတည်းခိုခန်းရှိ အခန်းအမှတ်(၆၀၄၀) အတွင်း မှ အရိုး/ အသွား ၁၃ လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်း၊ ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

▪️ ထို့အတူ လုယက်ယူဆောင်ခြင်းခံရသည့် ဆိုင်ကယ်အား ချမ်းမြသာစည်မြို့နယ်ရှိ အပေါင်ဆိုင်မှ ပြန်လည်သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

▪️ ယခုအခါ သေနတ်အတုပြ၍ ခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်သူ သုံးဦးအနက် ညီညီထွန်း(ခ)စီစီနှင့် စိုးမိုး အောင်(ခ)ဖိုးကျော် တို့နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဟာနစ်အား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးလုပ်ဆောင်နေကာ ဖမ်းဆီးရမိတရားခံများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

#Yangon_Times/PP