#Local_News
Published 21 May 2025

▪️ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဓာတ်ခွဲခန်းစင်တာ၌ စားသုံးဆီအမျိုးမျိုး၊ရေနှင့် စားသောက်ကုန်များ၏ အရည်အသွေးများအားစစ်ဆေးပေးနေကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ သိရသည်။

▪️ အဆိုပါ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဓာတ်ခွဲခန်းစင်တာသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း (၂၀၂၂) ဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး စင်တာ၌  စားသောက်ကုန်များ၏ ကုန်ကြမ်းနှင့် ကုန်ချောပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

▪️ ထို့အပြင် စားသောက်ကုန်များ၏ အရည်အသွေးများဖြစ်သည့် အသားဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ကဆီဓာတ်များ၊ လူကိုအကျိုးပြုသည့် သတ္တုဓာတ်များနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် သတ္တုဓာတ်များကို Protein analyzer ၊ Fat Analyzer ၊ Fiber analyzer စသည့် အဆင့်မြင့်နည်းပညာသုံးစက်ကိရိယာပစ္စည်းများဖြင့် ဓာတ်ခွဲတိုင်းတာပေးသည့်အပြင် စားသုံးဆီအမျိုးမျိုးတို့၏ အရည်အသွေးများ၊ သောက်ရေ၊ သုံးရေနှင့် စွန့်ပစ်ရေများ၏ အရည်အသွေးများ၊ ရေများတွင် ပျော်ဝင်နေသော သတ္တုဓာတ်များနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် သတ္တုဓာတ်များကို Atomic Absorption Spectrometer စက်များဖြင့် တိုင်းတာစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

▪️ အဆိုပါ စင်တာသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းက  စားသောက်ကုန်များ၏ ကုန်ကြမ်းနှင့် ကုန်ချောပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့သည်။

▪️ ထိုသို့ စစ်ဆေးရာတွင်  ဒုတိယဝန်ကြီးသည် ဓာတ်ခွဲခန်းအသီးသီးတွင် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်မှ ချမှတ်ထားသော အမျိုးသားရေးလုပ်ငန်းစဉ်များနှင့် တိုက်ရိုက်ပတ်သက်လျက်ရှိသော ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရသည်ဖြစ်ပြီး တိုင်းတာမှုရလဒ်များ၏ သက်ရောက်မှုသည် ကြီးမားသည်ဖြစ်ရာ ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကို အစဉ်ရှေးရှုကာ အရည်အသွေးစံနှုန်းများနှင့်အညီ အထူးဂရုပြုတိုင်းတာဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times