#Local_News
Published 12 June 2025
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong သည် ခေတ်ဟောင်းမြန်မာ့ရုပ်ရှင် “သူချစ်” ၏ အဓိကသရုပ်ဆောင်တို့၏ မိသားစုဝင်အားဒစ်ဂျစ်တယ်စနစ်ဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းထားသော ရုပ်ရှင် soft copy ကို လက်ဆောင်အဖြင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဖိတ်ကြားချက်အရ ဇွန်လ ၁၁ ရက်နေ့တွင် ခေတ်ဟောင်းမြန်မာ့ရုပ်ရှင် “သူချစ်” ၏ အဓိကသရုပ်ဆောင်များဖြစ်သည့် ဦးညွန့်မောင်နှင့် ဒေါ်မေမြင့်တို့၏ မိသားစုဝင်များသည် တရုတ်သံရုံးသို့ လာရောက်ခဲ့ရာ သံမှူးကြီး Dr. Zheng Zhihong သည် ၎င်းတို့နှင့်အတူ ရင်းနှီးစွာတွေ့ဆုံဆွေးနွေး၍ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းထားသော ရုပ်ရှင် soft copy အား လက်ဆောင်အဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ သံမှူးကြီး Dr. Zheng Zhihong က တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်မြောက်အား ဂုဏ်ပြုရန်အတွက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ တောင်းဆိုချက်အရ “သူချစ်” ရုပ်ရှင်အား ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြန်လည် ပြုပြင်ထိန်းသိမ်းခဲ့ကြောင်း၊ ယခုနှစ်မတ်လပိုင်းက လွှဲပြောင်းပေးအပ်ခြင်းနှင့် ပြန်လည်ပြသခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံ နယ်ပယ်အသီးသီးမှ အားပေးထောက်ခံမှုများရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-မြန်မာ နှစ်နိုင်ငံရုပ်ရှင်နှင့် ရုပ်မြင်သံကြားဆိုင်ရာ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် တက်ကြွစွာ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများစိတ်နှလုံးချင်းဆက်နွယ်မှုကို တိုးမြင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ အဓိကသရုပ်ဆောင်တို့၏ မြေးဖြစ်သူ ဦးသီဟအောင်က တရုတ်နိုင်ငံမှ ခေတ်ဟောင်းမြန်မာ့ရုပ်ရှင်များကို ပြန်လည်ပြုပြင်ထိန်းသိမ်းပေးမှုကြောင့် ၁၉၅၀ ခုနှစ် အချိန်ကာလ မြန်မာလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ နေထိုင်မှုအလေ့အထ၊ ဘူမိဗေဒလက္ခဏာများကို မြန်မာပြည်သူများထံ ပြန်လည်ထုတ်ဖော်ပြသနိုင်ခဲ့ကြောင်း၊ မိမိတို့တစ်မိသားစုလုံးက အဘိုးအဘွားတွေကို တင့်တယ်ထည်ဝါစွာ ပြန်တွေ့ခွင့်ရသည့် အတွက် တရုတ်နိုင်ငံအား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအတွက် အကျိုးထမ်းဆောင်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။
▪️ “သူချစ်” ရုပ်ရှင်ကို ၁၉၅၁ ခုနှစ်တွင် ဖန်တီးရိုက်ကူးခဲ့ပြီး ထိုအချိန်က မြန်မာ့တောင်သူလယ်သမားတို့၏ဘဝကို သရုပ်ဖော်ထားကာ ၁၉၅၇ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကျင်းပသည့် အာရှရုပ်ရှင်ရက်သတ္တပတ်တွင် ထုတ်လွှင့်ပြသခဲ့ချိန်၌ တရုတ်ပရိသတ်များ၏ ကြိုက်နှစ်သက်မှုကို အမြောက်အမြားရရှိခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times