#LocalNews
Published - 10 Feb 2022

 

သက်တော်စောင့်ချယ်ရီထက်ကို ပုဒ်မ ၅၀၅ (က) အမှုအတွက် ဖေဖော်ဝါရီလ ၁၇ ရက် ၊ ကြာသပတေးနေ့တွင် စစ်ဆေးမည်ဖြစ်ကြောင်း ယင်း၏ ရှေ့နေက YMG ကို ပြောသည်။

 

ချယ်ရီထက်၏ ဖုန်းထဲမှ အကြောင်းအရာများကို ပြသနိုင်ရေးအတွက် ကျွမ်းကျင်သူများခေါ်ယူပေးရန် ရှေ့နေများကလျှောက်ထားသည့် ကိစ္စကို ယနေ့ဖေဖော်ဝါရီလ ၁၀ ရက်ရုံးချိန်းတွင် ပါယ်ချလိုက်ကြောင်းလည်းသိရသည်။

 

"ဒီနေ့ ရုံးချိန်းမှာ ဖုန်းထဲက အကြောင်းအရာတွေကို ပြသနိုင်ဖို့ ကျွမ်းကျင်သူတွေကိုခေါ်ပေးဖို့ လျှောက်ထားတာကို ပါယ်လိုက်တယ် ။ချယ်ရီထက်ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ စပြီးတော့ စစ်မယ်"ဟု ချယ်ရီထက်၏ ရှေ့နေတစ်ဦးက ပြောသည်။

 

ချယ်ရီထက်ကို ဇန်နဝါရီလ ၁၃ ရက် က ပုဒ်မ ၅၀၅ (က) အမှုအတွက် အပြစ်ရှိကြောင်းစွဲချက်တင်ခဲ့ကြောင်း၊ ၎င်းအတွက် အနည်းဆုံး သက်သေ ၆ ဦးခန့် ကထွက်ဆိုကြမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဘီးလင်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာက တောတွင်းစခန်းချနေပုံများ၊လက်နက်ကိုင်ဆောင်သည့် မှတ်တမ်းဓာတ်ပုံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ သတင်းထုတ်ပြန်ချက်များကို ပေးပို့ခြင်း၊ ပြည်ပသတင်းဌာနများ၏ သတင်းရုပ်သံဖိုင်များ အပြန်အလှန်ပေးခြင်းများ ပြုလုပ်ခဲ့သည်ဆိုကာ ရဲတပ်ဖွဲ့က ချယ်ရီထက်ကို အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်က စစ်ဆေးရန်ရှိသည်ဟုခေါ်သွားကာ စက်တင်ဘာလ ၂၃ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန၏ ဒုရဲမှူး ဇော်ဝင်းထွန်းက တရားလိုပြုလုပ်၍ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်း ၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် ချယ်ရီထက်အနေဖြင့် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က ထောင်သုံးနှစ်ချခံထားရသူ ဖြစ်သည်။

ymg/mt
#Yangon_Media_Group