#Local_News
Published 18 June 2024


▪️ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ ကုန်းမြေ ၇၈၁ ဧကနှင့် ရေပြင် ၂၂၂၁၉ ဧက စုစုပေါင်းဧရိယာ ဧက၂၃၀၀၀ ကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန် ကျွန်းနံ့သာ" အဏ္ဏဝါအမျိုးသားဥယျာဉ် အဖြစ်သတ်မှတ်ဖွဲ့စည်းလိုက်ကြောင်းသယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ အဆိုပါနေရာတွင် ဝေလငါးအပါအဝင် ရှားပါးသည့် ဗျိုင်းမည်းငှက်မျိုးစိတ်တို့နေထိုင်ကျက်စားရာနေရာဖြစ်ကာ၂၀၁၈ ခုနှစ် မေလတွင်ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့်အာဏာများကို ကျင့်သုံး၍ ဇွန်လ၁၂ရက်မှစပြီး အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

 

▪️ ကျွန်းနံ့သာသည် ဘူမိရုပ်သွင်ထူးခြားသည့် ကျွန်းတစ်ခုဖြစ်ပြီး ဂွမြို့နယ်၊ ကျိန္တလီမြို့၏ အနောက်ဘက် ရေမိုင် ၂၄ မိုင်အကွာတွင် တည်ရှိသော ရခိုင်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည့်အပြင် အဆိုပါဒေသတွင် သဘာဝဝန်းကျင်ထိန်းသိမ်းရေး အပြည်ပြည်ဆိုင်ရာအဖွဲ့ (IUCN) ၏ ကာကွယ်ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက်ဝင် ပင်လယ်ကမ်းရိုးတန်းဒေသများ၌ ကျက်စားနေထိုင်သော အဏ္ဏဝါမျိုးစိတ်များဖြစ်သည့် ပြင်သာလိပ်၊ လိပ်လှောင်း၊ လိပ်ကြက်တူရွေး၊ လိပ်စောင်းလျားနှင့် လိပ်ခွေးစသည်တို့နှင့် ဝေလငါး၊ ငါးမန်းဖလောင်း၊ ရေဝက်၊ ငါးမန်း အမျိုးမျိုး၊ ငါးလိပ်ကျောက်၊ ရှားပါးသည့် ဗျိုင်းမည်းငှက်မျိုးစိတ်တို့ နေထိုင်ကျက်စားခြင်း၊ ကျွန်း၏ပတ်လည်ပင်လယ်ရေအောက်တွင် ပင်လယ်ရေအောက်ရွှံ့မီးတောင်နှင့် သန္တာကျောက်တန်းများ တည်ရှိနေခြင်းတို့ကြောင့် ကမ်းရိုးတန်းဒေသရှိ အဏ္ဏဝါမျိုးစိတ်များနှင့် ထူးခြားသည့် ဘူမိရုပ်သွင်များ တည်ရှိနေခြင်းဖြစ်သည်။

 

▪️ ထိုသို့သတ်မှတ်လိုက်ခြင်းဖြင့် အဆိုပါ ဧရိယာအတွင်းရှိ ထူးခြားသည့် ဘူမိရုပ်သွင်တစ်ခုဖြစ်သော ပင်လယ်ရေအောက်ရွှံ့မီးတောင်နှင့် သန္တာကျောက်တန်းများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် အဏ္ဏ ဝါ မျိုးစိတ်များနှင့် ၎င်းတို့၏နေရင်းဒေသများ၊ ကမ်းရိုးတန်းဂေဟစနစ်များအား ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ခြင်း၊ ကျွန်းအနီးပတ်ဝန်းကျင်ရှိ ဒေသခံကျေးရွာ (၁၀) ရွာမှ ဒေသခံ ရခိုင်လူမျိုးများ၏ မိရိုးဖလာငါးဖမ်းဆီးသည့် လုပ်ငန်းအတွက် အဓိကအားထားရာနေရာတို့အား စနစ်တကျစီမံအုပ်ချုပ်နိုင်မည်ဖြစ်ခြင်းနှင့် ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းစသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#YMG/LW #Yangon_Times