Published_03 June 2024
မြောက်ဥက္ကလာပမြို့နယ်နှင့်ရွှေပေါက်ကံမြို့နယ်ရှိဓာတ်အားခွဲရုံများကို လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဦးအောင်ကျော်ဦးနှင့်အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ကွင်းဆင်းစစ်ဆေးစဉ် နောင်တွင်ဖြစ်ပေါ်လာမည့် ဝန်အား တိုးတက်သုံးစွဲမှုအခြေအနေ များအရ ဓာတ်အားဖြန့်ဖြူးမှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားခွဲရုံ တိုးချဲ့ တည်ဆောက်နိုင်ရေးနှင့် ဓာတ်အားခွဲရုံများ ကြံ့ခိုင်ကောင်းမွန်မှုရှိစေရေး၊ တရားမဝင်ဓာတ်အား သုံးစွဲမှုများမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်တိုက စနစ်တကျ စစ်ဆေးဖော်ထုတ်ကြပ်မတ်မှုများ ဆောင်ရွက်ရန် မှာကြားခဲ့သည်ဟုဆိုသည်။
ကွင်းဆင်းစစ်ဆေးမှုအနေဖြင့် ရှေးဦးစွာ မြောက်ဥက္ကလာပမြိုနယ် လျှပ်စစ်မန်နေဂျာရုံး နှင့် အရေးပေါ်မီးပျက်ပြုပြင်ဌာနသို့သွားရောက်၍ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ မီတာ များစနစ်တကျ မှန်ကန်စွာဖတ်ရှု၍ စာရင်းများ မှန်ကန်စွာရေးသွင်းရေး၊ ဓာတ်အားခ ကြွေးကျန်များ လျော့နည်းကျဆင်းရေး ဆောင်ရွက်ရန်မှာကြားကာ
အများပြည်သူတစ်ဦးချင်း ဓာတ်အားပြတ်တောက်မှု သတင်းပေးပို့ချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှု၊ မှတ်တမ်းရေးသွင်းထား ရှိမှုများအား ကြည့်ရှု စစ်ဆေးပြီး ၃၃/၁၁ ကေဗွီ မြိုရုံးဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေ၊ Switch Bay and Switch Gear များ ကြံ့ခိုင်မှုအခြေအနေ ဓာတ်အားနိုင်နင်းမှုရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုမှတစ်ဆင့် ၃၃ /၁၁ ကေဗွီ ဝေဘာဂီဓာတ်အားခွဲရုံသို သွားရောက်စစ်ဆေးပြီး ဓာတ်အားဖြန့်ဖြူး ပေးထားမှု၊ ဓာတ်အားခွဲရုံ ကြံ့ခိုင်ကောင်းမွန်မှုရှိစေရေး ဆောင်ရွက်ထားရှိမှု၊ ခွဲရုံအတွင်း/အပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ရွှေပေါက်ကံမြိုရှိ ၆၆/၃၃/၁၁ ကေဗွီ မော်ကျွန်းဓာတ်အားခွဲရုံသို သွားရောက်၍ ရွှေပေါက်ကံမြိုနှင့် မြောက်ဥက္ကလာပမြိုများအတွက် ဓာတ်အားလက်ခံရရှိမှုနှင့် ဓာတ်အားဖြန့်ဖြူးထားမှု အခြေအနေများ Switch Bay and Switch Gear များ၏ ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ၃၃/၁၁ ကေဗွီ ၁၅ အမ်ဗွီအေ ကုန်းဘောင်ဓာတ်အားခွဲရုံသို ရောက်ရှိကာ ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် လက်ခံရယူဖြန့်ဖြူးပေးနေမှု အခြေအနေများကို စစ်ဆေးခဲ့ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published 03 June 2024
#YMG #Yangon_Times #Yangon_Media_Group