28 May 2024

ထိုင်းနိုင်ငံသို့ရောက်ရှိ‌နေသည့်မြန်မာလုပ်သား များ၏လွှဲပို့ငွေများ တရားဝင်လမ်းကြောင်းမှလွှဲပြောင်းနိုင်ရေး မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်ကထိုင်းဘဏ် (၄)ခုဖြင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား နိုင်ငံခြားငွေဖြင့်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် မြန်မာလုပ်သားများ၏ လွှဲပို့ငွေများ တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သောအဖွဲ့နှင့် Siam Commercial Bank ၊ Bangkok Bank ၊ Kasikorn Bank၊ Krung Thai Bank တို့မှတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို မေလ(၂၇)ရက်နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်ဟုဆိုသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်မှုရှိစေရန် မူဝါဒများချမှတ်၍ ထိန်းကျောင်းလျက်ရှိသည့် အခြေအနေ၊ တရားမဝင်ဟွန်ဒီများကို အသုံးပြုခြင်းအစား တရားဝင်လမ်းကြောင်းမှ ငွေလွှဲပြောင်းမှုများ တိုးတက်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊

 ရင်းနှီး မြှုပ်နှံမှုပိုင်းတွင် မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတွင် ဟွန်ဒီဆောင်ရွက်နေမှုများအပေါ် ထိုင်းဘဏ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များ၊ ကုန်သွယ်ရေးပိုင်းတွင် ထိုင်း-မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးစေရေးအတွက် ငွေကြေးထောက်ပံ့ခြင်း (Pre-shipment Export Financing/ Post- shipment Export Financing)များ ဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊

မြန်မာလုပ်သားများ၏ လွှဲပို့ငွေများအပိုင်းတွင် ထိုင်းနိုင်ငံရှိ ပြည်ပရောက်မြန်မာလုပ်သားများ၏ လုပ်ခလစာလွှဲပို့ငွေများကို ပြည်တွင်း၌ မိသားစုများထံသို့ အဆင်ပြေချောမွေ့စွာရောက်ရှိစေနိုင်ရေး ဘဏ်များက ဝိုင်းဝန်းဆောင်ရွက်ပေးရန်ကိစ္စရပ်များ၊ နှစ်နိုင်ငံ နိုင်ငံခြားငွေလွှဲပြောင်းပေးချေမှုများကို အဆင်ပြေချောမွေ့စေရေး ပံ့ပိုးပေးနိုင်ရန်ကိစ္စရပ်များနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် Siam Commercial Bank၊ Bangkok Bank၊ Kasikorn Bank၊ Krung Thai Bank များမှ အမှုဆောင်အရာရှိချုပ်များနှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိ သည့်အခြေအနေနှင့် တိုးချဲ့ဆောင်ရွက်မည့်အစီအစဉ်များကို ပြန်လည်ဆွေးနွေးကာ အစည်းအဝေးကို မွန်းလွဲပိုင်းတွင်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group