Published_ 22 May 2024

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး မြောက်ပိုင်းကမ်းလွန်-အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)မှာ ပိုမိုအားကောင်းလာ နိုင်ကာ မုန်းတိုင်းငယ် ဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၂၂ ရက် ညနေ ၄ နာရီအချိန်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အရှေ့မြောက်ဘက် သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ မေလ ၂၄ ရက် တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်း လာနိုင်ကာ မေလ ၂၅ ရက် ညနေပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းသို့ ရောက်ရှိနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း ၌ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေကြောင်း၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ နေပြည်တော်နှင့် ကယား ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း သိရသည်။

ယင်းအပြင် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် မိုးတိမ်တောင် များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်း နှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group