Published_ 30 April 2024

(၁၄)လတာကာလအတွင်း ဧရာဝတီတိုင်းရှိအလုပ် သမားအာမခံအကျုံးဝင် လူနာဦးရေ(၁၁၀၉) ဦးအတွက်ဆေးဖိုးကျပ်သန်း (၂၄၀)ကျော်ပေးအမ်းခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ လူနာဦးရေ ၁၁၀၉ ဦးကို ဆေးဖိုးငွေကျပ်သန်း ၂၄၄ ဒသမ ၅၆၄ သန်း ပေးအမ်းခဲ့သည်ဟုဆိုသည်။

ယင်းအပြင် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်ရှိ မြို့နယ်လူမှုဖူလုံရေးရုံးနှင့် ဆေးခန်းအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကျင်းပပေး ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ကရုံးနှင့် ဆေးခန်းတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ မြို့နယ်ရုံးနှင့် ဆေးခန်းအဆောက်အဦသစ်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း ၁၅ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၄၉ ခန်း၊ Specialist OG OPD ပြသနိုင်သောဆေးခန်း ၃၈ ခန်း၊ မီးဖွား ခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ/ သားဖွားခန်း ၁၅ ခန်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း အကျုံးဝင်အာမခံ အလုပ်သမားပေါင်း ၂၇၁၅၇ ဦးအတွက် လူမှုဖူလုံရေးဆေးခန်း ၁၀ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်းသုံးခန်း၊ Capitation Payment စာချုပ်ဆေးခန်းတစ်ခန်းနှင့် Specialist OG OPD ပြသနိုင်သော ဆေးခန်းတစ်ခန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group