#Local_News
Published_9 April 2024
ကမ္ဘောဒီးယားနိုင်ငံ၊ ခေတ္တနိုင်ငံအကြီးအကဲနှင့် အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒက် ဟွန်ဆင် အား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ဧပြီ ၈ ရက်တွင် ဖနောင်ပင်မြို့ရှိ အထက်လွှတ်တော်၌ သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါတယ်။

 

တွေ့ဆုံရာတွင် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေ အနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနှင့် ကမ္ဘောဒီးယားတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုအပေါ်အခြေခံ၍ နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့ပါတယ်။

 

ဆမ်ဒက်ဟွန်ဆင်က ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူ ထမ်းဆောင်ပြီးနောက် ပထမဆုံးလက်ခံတွေ့ဆုံသည့် သံအမတ်ကြီးဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား တူညီသည့် ရိုးရာဓလေ့ထုံးတမ်းများအပေါ် အခြေခံ၍ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 

၂၀၂၅ ခုနှစ်တွင် ကျရောက်မည့် နှစ်(၇၀)မြောက် သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်နိုင်ရေးနှင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#Local_News #ဆမ်ဒက်ဟွန်ဆင် #မြန်မာသံအမတ်ကြီးမှသွားရောက်ဂါရဝပြုတွေ့ဆုံ #Ymg_mnn #Yangon_Media_Group