#Local_News
Published 15 March 2024

ယခု၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  ၁၁ လအတွင်းမြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတိုးတက်သော်လည်း ထိုင်းအပါအဝင်အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ကျဆင်းနေကြောင်းစီးပွားရေးနှင့် စီးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 

မြန်မာနိုင်ငံသည်  အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများနှင့်  နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်  ၁၁ လအတွင်းမြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ (၃.၁) ဘီလီယံကျော်အထိ ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိင်းယှဉ်ပါက ဒေါ်လာ (၃၂၄.၇၉၀) သန်းအထိ တိုးလာခဲ့ကြောင်း သိရသည်။

 

သို့သော်ထိုင်းနိုင်ငံနှင့်  နှစ်ဖက်ကုန်သွယ်မှု ဒေါ်လာ (၈၇၉.၈၅၄) သန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဒေါ်လာ (၁၆.၉၀၂) သန်း၊ အိန္ဒိယနိုင်ငံနှင့် ဒေါ်လာ (၁၃) သန်း လျော့ကျသွားကြောင်းသိရသည်။

 

ပြည်တွင်းမှ လယ်ယာထွက်ကုန်၊ မွေးမြူရေးနှင့်  ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ ကုန်ထုတ်လုပ်မှု နှင့် အခြားသော ကုန်စည်များအားအိမ်နီးချင်းနိုင်ငံများထံ အဓိကထား တင်ပို့နေခြင်းဖြစ်သည်။

 

အိမ်နီးချင်းနိုင်ငံများမှမူ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်ပစ္စည်းနှင့် CMP ကုန်ကြမ်းများကို ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။

 

#Local_News #တရုတ်နှင့်ကုန်သွယ်ရေး #အိမ်နီးချင်းနိုင်ငံများ #နယ်စပ်ကုန်သွယ်မှုကျဆင်း #YMG/ NN #Yangon_Times