#Local_News
Published 27  February 2024

ဧရာဝတီတိုင်းဒေသကြီး  ချောင်းသာကမ်းခြေသို့ ပြည်တွင်း ခရီးသွားဝင်ရောက်မှုများပြားသော်လည်း ပြည်ပခရီးသွား ဝင်ရောက်မှုမှာ လျော့နည်းနေသေးကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။

 

ဖေဖေါ်ဝါရီ ၂၅ ရက်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ချောင်းသာမြို့သို့သွားရောက်၍ ချောင်းသာကမ်းခြေဒေသရှိ Azura Hotel ၌ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်များမှတာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ ခြင်း ဖြစ်သည်။

 

 ပြည်ထောင်စုဝန်ကြီးအနေဖြင့် ယခုကဲ့သို့လာရောက်ခြင်းမှာလည်း ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်မှ လုပ်ငန်းလုပ်ကိုင်နေသူများဖြင့် လာရောက်တွေ့ဆုံပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေး နိုင်ရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချောင်းသာကမ်းခြေဒေသသည် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ကြိုက်နှစ်သက်သည့် ဆွဲဆောင်မှုရှိသော ကမ်းခြေခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး အစဉ်အမြဲ သန့်ရှင်းသာယာ လှပနေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း တိုးတက်လာသည်နှင့်အမျှ ဒေသခံတို့၏လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ ချောင်းသာကမ်းခြေသို့ ပြည်တွင်း ခရီးသွားဝင်ရောက်မှုများပြားသော်လည်း ပြည်ပခရီးသွား ဝင်ရောက်မှုမှာ လျော့နည်းနေသေးပါကြောင်းပြောကြားခဲ့သည်။

 

 ထို့ပြင် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သော ခရီးသွားလှုပ်ရှားမှုများကို ဖန်တီးပြီး ဈေးကွက်မြှင့်တင်ကြော်ငြာရေးဆိုင်ရာကိစ္စရပ်များကို ဒေသရှိ အစိုးရ-ပုဂ္ဂလိက အားလုံးပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကာ  နိုင်ငံတော်အစိုးရအနေဖြင့် သင့်တော်ကောင်းမွန်သည့် စီးပွားရေး အခွင့်အလမ်း ပတ်ဝန်းကျင်ကို ဖန်တီးပေးသကဲ့သို့ လုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့်လည်း လူထုအကျိုး၊ ပတ်ဝန်းကျင်နှင့် နိုင်ငံအကျိုးကို ဂရုပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊

 

 မိမိတို့ထံ လာရောက်သော ဧည့်သည်များကို ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးစွမ်းနိုင်ရန်၊ ဝန်ကြီးဌာနမှ စီစဉ်ရေးဆွဲထားသော အစီအစဉ်များကို လိုက်ပါအကောင်အထည်ဖော်ကြရန်နှင့် ချောင်းသာကမ်းခြေ ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 

၂၀၂၃ခုနှစ် တွင် ချောင်းသာနှင့်ငွေသောင်ယံကမ်းခြေရှိ ဟိုတယ်နှင့်တည်းခိုရိတ်သာများ သို့ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် ၄၁၃၃၈၉ဦး လာရောက် တည်းခိုခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏စာရင်းများ အရသိရသည်။

 

#Local_News #ခရီးသွားဝင်ရောက်မှုများပြား #ပြည်ပခရီးသွားဝင်ရောက်မှုလျော့နည်း #YMG/LW #Yangon_Times