Published 26 February 2024

  ထိုင်းနိုင်ငံ၊ မြောက်ပိုင်းပြည်နယ် (၉) ခုဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ လန်ဖုန်း၊ လန်ပန်း၊ ဥဿရာဒစ်၊ ဖယောင်း၊ ဖရဲ၊ နန်ပြည်နယ်များတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ ဝင်ငွေခွန် ၂% ထမ်းဆောင်ရန် အတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင် မြို့ က ဖေဖေါ်ဝါရီ ၂၆ ရက် တွင် အသိပေး ထုတ်ပြန်ကြေညာထားသည်။

  အဆိုပါ မြောက်ပိုင်းပြည်နယ် (၉)ခု၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများတွင် စက်ရုံ/ အလုပ်ရုံ၊ စိုက်ပျိုး/ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သား စသည့် ကာယလုပ်သားများ (Blue Collar)များ၏ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ် နှုန်းထား သတ်မှတ်ပြီး ဝင်ငွေခွန် ၂% အရ ၁၅၀ ဘတ် လစဉ်ပေးသွင်းရမည်ဖြစ်သည်။ 

  ယင်းလစဉ်အခွန် ၂%၊ ၁၅၀ ဘတ် ပေးသွင်း ခြင်းဖြင့် လစဉ် ၇၅၀၀ ဘတ်နှင့် ညီမျှသော မြန်မာကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိကာ မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန်တွင် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည် တို့ကို ဝယ်ယူရာ၌ စုဆောင်းထားသော ငွေဖြူစာရင်းအပေါ် တွက်ချက်၍ ဝင်ငွေခွန် လျော့ပေါ့ ပေးခြင်းကို ခံစားခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။

  ထို့အပြင် ထိုင်းနိုင်ငံ  မြောက်ပိုင်းပြည်နယ် (၉)ခုရှိ ကုမ္ပဏီများ (ရေကြောင်းကုမ္ပဏီအပါအဝင်)၊ ဆေးရုံများ၊ တက္ကသိုလ်/ ကောလိပ်များ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာများ၊ စက်ရုံ/ အလုပ်ရုံ အင်ဂျင်နီယာလုပ်ငန်းများ စသည်တို့တွင် အလုပ်လုပ်ကိုင်နေကြသည့် ဉာဏလုပ်သား (White Collar) များ၏ ဝင်ငွေခွန်ကို ကောက်ခံရာတွင် လစာဝင်ငွေအပေါ် ၂% အခွန်တွက်ချက်ထားသော်လည်း ထိုင်းနိုင်ငံတွင် အခွန်ဆောင်ထားခြင်းရှိပါက ၂% အခွန်တွက်ချက်ရငွေမှ နုတ်၍ ကျန်ငွေကိုသာ ပေးသွင်းရမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖေါ်ပြထားသည်။

 ငွေဖြူခံစားခွင့်အနေဖြင့် ၄၁၁၀၀ ဘတ်နှင့် ညီမျှသော မြန်မာကျပ်ငွေကိုသာ ခံစားနိုင်မည်ဖြစ်သည်။
 (White Collar အခွန်ထမ်းများသည် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်လာရောက် ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာကုမ္ပဏီ/ဌာန ၏ Pay Slip၊ သို့မဟုတ် Salary Certificate နှင့် Tax Slip များကို ယူဆောင်လာရမည် ဖြစ်သည်။

စက်ရုံ/ အလုပ်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ လုပ်သားများအတွက် ဖြည့်စွက် ဆောင်ရွက်ရမည့်ပုံစံကို သံရုံးလူမှုကွန်ယက်စာမျက်နှာ တွင်ဖေါ်ပြထားပြီး စက်ရုံ၏ တာဝန်ရှိသူများက လုပ်သား တစ်ဦးချင်းစီအတွက် ဖော်ပြပါပုံစံတွင် ဖြည့်စွက်ပြီး ငွေသားဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ လာရောက်ပေးသွင်းနိုင်ကြောင်းသိရသည်။ တစ်ဦးလျှင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ အထိ တစ်လ လျှင် ၁၅၀ ဘတ်နှုန်းဖြင့် ၅ လစာ၊ ၇၅၀ ဘတ် အခွန်ပေးသွင်းရမည်ဖြစ်ပြီး နောက်ပိုင်းကာလ များ၌ လစဉ်၊ သို့မဟုတ် ၃ လ တစ်ကြိမ်၊ သို့မဟုတ် ၆ လ တစ်ကြိမ်၊ သို့မဟုတ် ၉ လ တစ်ကြိမ် ပေးသွင်းနိုင်ကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group