23 February 2024
တိုင်းရင်းသားမျိုးနွယ်စုများ၏ အမျိုးသားဝတ်စုံများသည် သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာအရ အရေးပါ၍ မြန်မာတိုင်းရင်းသားလူမျိုးများ၏အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှသိရသည်။
ယင်းကဲ့သို့ သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက်မြန်မာနိုင်ငံအမျိုး သားယဉ်ကျေးမှုဗဟိုကော်မတီ၏ မြန်မာတိုင်းရင်းသားလူမျိုးများ၏အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီအစည်း အဝေးကျင်းပခဲ့သည်။
အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံက "မြန်မာနိုင်ငံတွင်တိုင်းရင်းသားလူမျိုး (၁၃၅) မျိုး၊ အဓိကမျိုးနွယ်စု (၈)မျိုးရှိကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုများ၏အမျိုးသားဝတ်စုံများသည် သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာအရ အရေးပါကြောင်း၊ တိုင်းရင်းသားဝတ်စုံများကို ဆန်းသစ်တီထွင်မှုများကြောင့် အရိုးပေါ်အရွက်ဖုံးမဖြစ်စေဘဲ အမျိုးသားဝတ်စုံအမှန်ကို သတ်သတ်မှတ်မှတ် ထားရှိရန်လိုအပ်ကြောင်း၊ တိုင်းရင်းသား မျိုးနွယ်စုအားလုံး၏ သီးခြားစီရှိနေသော ဝတ်စုံများကို တစ်ပြိုင်တည်းအသိအမှတ်ပြု သတ်မှတ်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုပထမဆုံးအကြိမ်တွင် ပင်မတိုင်းရင်းသားလူမျိုး (၈)မျိုး၏ဝတ်စုံများကို ဦးစားပေးဆွေးနွေးပြီး ကျန်တိုင်းရင်းသား မျိုးနွယ်စုများကိုမူ သုတေသနပြုပြီး အသင့်ရှိလျှင်ရှိသလောက် ဆွေးနွေးတင်ပြစေလိုကြောင်း "ပြောကြားသည်။
ဆက်လက်၍ မျိုးနွယ်စုများ၏ တိုင်းရင်းသားဝတ်စုံမှန်သတ်မှတ်နိုင်ရေးအတွက် သမိုင်းမှတ်တမ်းမှတ်ရာ အထောက်အထားများ၊ မြေပြင်ကွင်းဆင်း လေ့လာမှတ်တမ်းပြုချက်များ၊ သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ကာအတည်ပြုနိုင်ကြရန်လိုအပ်ကြောင်း၊ အတည်ပြုပြီးနောက်စာအုပ်စာတမ်း၊ ရုပ်သံဗီဒီယိုများဖြင့် ထိန်းသိမ်းမှတ်တမ်းတင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကိုအောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာတိုင်းရင်းသားလူမျိုးများ၏ ဝတ်စုံမှန်သတ်မှတ်ရေးကော်မတီအတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဒေါက်တာကေသီထွေးက အစည်းအဝေးကျင်းပ ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော အမြဲတမ်းအတွင်းဝန်များက ဖြည့်စွက်ဆွေးနွေးကြောင်းနှင့်ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်များက မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးအတွက် သက်ဆိုင်ရာအလိုက် ရှင်းလင်းဆွေးနွေးကြပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူးဦးညွန့်တင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group