#Local_News
Published 16 February 2024

ယနေ့ ပြည်တွင်းရှိ စက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီနှင့် ဒီဇယ်ဈေးများ မြင့်တက်လာပြီး တစ်ပတ်တာအတွင်းတစ်လီတာကျပ်၉၀ ခန့်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

 

ပြီးခဲ့သည့် တစ်ပါတ်ကာလတူက ၉၂ ဓာတ်ဆီ တလီတာ ၂၆၈၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၈၀၅ ကျပ်၊ ဒီဇယ်တလီတာ ၂၅၂၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာကို ၂၅၇၀ ကျပ်ရှိခဲ့ရာမှ ယနေ့တွင် စက်သုံးဆီလက်ကားရည်ညွှန်းဈေးအရ အောက်တိန်း ၉၂ တလီတာ ၂၇၇၀ ကျပ်၊ ၉၅ တလီတာ ကျပ် ၂၈၇၅ ကျပ်၊ ဒီဇယ်တလီတာ ၂၅၉၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ကျပ် ၂၆၄၀ ကျပ်‌အထိအနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်။

 

"တစ်ပတ်အတွင်းနည်းနည်းတက်လာတယ်၊ ဒီရက်ပိုင်းငွေ လဲနှုန်းလေးရယ်၊ စင်ကာပူဈေးနှုန်းလေးရယ်တော့နည်းနည်းတက်တာရှိတယ်၊ အရောင်းအဝယ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းခရီးသွားတာများကြတော့ ကောင်းပါတယ်"ဟု စက်သုံးဆီတစ်နိုင်တစ်ပိုင်ရောင်းချသူ တစ်ဦးက ပြောသည်။

 

စက်သုံးဆီသည်ခရီးသွားကာလများပြားချိန်နှင့် လယ်ယာလုပ်ငန်းခွင်များလုပ်ကိုင်ချိန်၌ အရောင်းအဝယ်ကောင်းလေ့ရှိကြောင်း သိရသည်။

 

ပြည်တွင်း၌အသုံးပြုနေသည့် စက်သုံးဆီကိုအဓိကအားဖြင့် စင်ကာပူနိုင်ငံမှဝယ်ယူလေ့ရှိပြီး ယခုရက်ပိုင်းအတွင်း ပြည်တွင်း ဒေါ်လာငွေလဲနှုန်း အနည်းငယ်မြင့်တက်လာသလို စင်ကာပူ၏ အခြေခံ ရေနံထွက်ကုန်ဈေးနှုန်း MOPS ဈေးသည် ယခုရက်ပိုင်းအတွင်း အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်းလည်း သိရသည်။

 

#ဓာတ်ဆီနှင့်ဒီဇယ်ဈေး #လီတာကျပ်၉၀ခန့်မြင့်တက် #YMG/NN #Yangon-Times