#Local_News
Published_ 14 February 2024

ပြီးခဲ့သည့် ပြည်ထောင်စုနေ့ရုံးပိတ်ရက်ကာလအတွင်း  ပုဂံဒေသသို့  ဘုရားဖူးများလာရောက်သူများပြားခဲ့သည့်အတွက် ဒေသခံနှင့် ဘုရားဖူးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေကြောင်း သိရသည်။

 

'ဒီပြီးခဲ့တဲ့ပိတ်ရက်ကလာတဲ့ သူများတယ် ဟိုတယ်တွေလည်းပြည့်ကြတယ်၊ သိန်းကျော်ရှိတယ်လာကြတာ၊ ဘုရားဖူးများတော့ ဘာပဲပြောပြောကျွန်တော်တို့လို ခရီးသွားကိုမှီခိုလုပ်ကိုင်သူတွေ အဆင်ပြေတယ်၊ ဒေသခံအများစုဒါပဲလုပ်ကြတာကိုး၊ ဒီပိတ်ရက်ကသုံးရက်ဆက်တော့ အလာများတယ်ပေါ့၊ ကျွန်တော်တို့က လှမ်းချိတ်ဆက်ရင် ဟိုတယ်၊တည်းခိုခန်းစီစဉ်ပေးတယ်၊ လာရင်ကြိုတယ်၊ လိုက်ပို့တယ် ဓာတ်ပုံလေးတွေပါရိုက်ပေးတာ'  ဟု ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

 

ဖေဖော်ဝါရီလ ၁၀ ရက်မှ  ၁၂ ရက် အထိ ရုံး၊ ကျောင်းများ သုံးရက် ဆက်တိုက်ပိတ်ခဲ့သည့်အတွက်  ပုဂံညောင်ဦးဒေသရှိ ဟိုတယ်၊ မိုတယ်များနှင့်  တည်းခိုခန်းများ၌လည်း အခန်းပြည့်သည်အထိ လာရောက်သူများပြားခဲ့ပြီး ဘုရားဖူးဧည့်သည် တစ်သိန်းနှစ်သောင်းကျော်အထိ လာရောက်ခဲ့ကြောင်း  သိရသည်။

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံစေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ ထီးလို မင်းလို၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ ဗူးဘုရား၊ ဓမ္မရံကြီး၊ သဗ္ဗညု၊ ကန်တော့ပလ္လင် စသည့်  ဘုရားပုထိုးများတွင် ဘုရားဖူးလာရောက်သူ များပြားလေ့ရှိကြောင်းသိရသည်။

 

အလားတူ ချောင်းသာ၊ ငွေဆောင်စသည့်ကမ်းခြေဒေသများအပြင် ကျိုက်ထီးရိုးစေတီတော်၌လည်း စံချိန်တင်ဘုရားဖူးမြင့်တက်ခဲ့ကြောင်း သိရသည်။

 

#Local_News #ပုဂံသို့ဘုရားလာ‌ရောက်ဖူးမျှော်သူများပြား #YMG/NN #Yangon_Times