#Local_News
Published 7 February 2024

လာမည့်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပုသိမ်ထီး အကြမ်းပြုလုပ်ခြင်းနှင့် ဆေးခြယ်ရေးသင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

 

အဆိုပါ သင်တန်းအားပုသိမ်မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ဖွင့်လှစ်သွားမည်ဖြစ်ကာ သက်ဆိုင်ရာဌာနများ၊ MSME လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များ ပူးပေါင်း၍  ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း သိရသည်။


ဧရာဝတီတိုင်းဒေသကြီးသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ MSME ပိုမိုဖြစ်ထွန်းသောဒေသဖြစ်၍ နိုင်ငံတော်ဝန်ကြီးချုပ်၏  လမ်းညွှန်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် MSME သင်တန်း များဖြစ်သည့်  လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနည်းနှင့် ပြုပြင်နည်းသင်တန်း၊ လယ်ယာသုံး ဓာတ်မြေဩဇာကို ဒေသထွက်ကုန်ကြမ်းများနှင့် အချိုးအစားမှန်ကန်စွာ ပြုလုပ်နည်းနှင့် စနစ်တကျအသုံးပြုနည်းသင်တန်း အစရှိသည့်  သင်တန်းများကိုလည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပုသိမ်မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆ လအတွင်း လျှပ်စစ်နှင့်ဂဟေသင်တန်းတွင် သင်တန်းသား ၈၀ ဦး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လျှပ်စစ်နှင့်လေအေးပေးစက် တပ်ဆင်ပြုပြင်သင်တန်းတို့တွင် သင်တန်းသား ၁၀၀ ဦး မွေးထုတ်ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လျှပ်စစ်နှင့်လေအေးပေးစက် တပ်ဆင်ပြုပြင် သင်တန်းတို့တွင် သင်တန်းသား ၁၀၀ ဦး သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းအနေဖြင့် လျှပ်စစ်အလုပ်အကိုင် ကျွမ်းကျင်မှု အဆင့် ၁ နှင့် ၂၊ အုတ်စီအလုပ်အကိုင်နှင့် လက်သမားအလုပ်အကိုင်တို့အတွက် ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးဌာနများ တည်ထောင်ကာ စစ်ဆေးအကဲဖြတ်ခြင်းဆောင်ရွက်ခဲ့ရာ လျှပ်စစ်အလုပ်အကိုင် ကျွမ်းကျင်မှု အဆင့် ၁ အတွက် ၂၀၃ ဦး၊ အဆင့် ၂ အတွက် ၆၃ ဦး၊ လက်သမားကျွမ်းကျင်မှု အဆင့် ၁ အတွက် ၂၁ ဦး၊ အုတ်စီ ကျွမ်းကျင်မှု အဆင့် ၁ အတွက် ၂၃ ဦး စစ်ဆေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

 

#Local_News #ပုသိမ်ထီးအကြမ်းပြုလုပ်ခြင်း #ဆေးခြယ်ရေးသင်တန်းဖွင့်လှစ် #YMG /NN #Yangon_Times