#Lcoal_ News
Published_ 2 February 2024

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ရွေးကောက်ပွဲကို၂၀၂၄ ခုနှစ်မတ်လတွင် ကျင်းပမည်ဖြစ်ပြီး ဖေဖော်ဝါရီ(၇)ရက်ကိုယ်စားလှယ်လောင်းနာမည်စာရင်းများ စတင်ပေးပို့နိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့မှ အသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရွေးကောက်ပွဲ စည်းမျဉ်းများအတိုင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့  ရွေးကောက်ပွဲ (၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်ထိ ၄ နှစ် သက်တမ်း)ကို  ၂၀၂၄ ခုနှစ် မတ်လ ၃၀ ရက် (စနေနေ့)တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ 

 

 ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းရန် လျှောက်လွှာပုံစံများကိုဖေဖော်ဝါရီ၇ရက် မှစတင်ပြီး ဖေ‌ဖော်ဝါရီလ၂၉ရက် မွန်းလွဲ(၃)နာရီ နောက်ဆုံးထား၍ ရွေးကောက်ပွဲ ကော်မရှင်ရုံးခန်းသို့ ကိုယ်တိုင်လာရောက် တင်သွင်းရမည်ဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါ (၄)နှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်နေရာများ ရွေးချယ်ရာတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ - ၁ ဦး၊ ဒုတိယ ဥက္ကဋ္ဌ - ၃ ဦး (အမျိုးသား - ၂ဦးနှင့် အမျိုးသမီး -၁ ဦး)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ (၆) ဦး၊ မြန်မာနေရှင်နယ်လိဂ်-၁  (၃) ဦး၊ မြန်မာနေရှင်နယ်လိဂ်-၂  (၁) ဦး၊ ဒိုင်ကော်မတီ (၁) ဦး၊ နည်းပြကော်မတီ (၁) ဦး၊ ကစားသမား ကော်မတီ (၁) ဦး၊ အမျိုးသမီးဘောလုံး ကော်မတီ (၁) ဦး၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ (၁) ဦး၊ စုစုပေါင်း ၁၉ ဦး ရွေးကောက်တင်မြှောက်သွားမည် ဖြစ်သည်။

 

ရွေးချယ်ခံမည့် နေရာများအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံး တည်ရှိရာ(Goal Hotel၊ ဝေဇယန္တာ လမ်း၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်)ရွေးကောက်ပွဲ ကော်မရှင် ရုံးခန်းတွင် နံနက်(၁၀)နာရီမှ မွန်းလွဲ(၃) နာရီ အတွင်း ကိုယ်တိုင် လာရောက်ထုတ်ယူ၊ တင်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကော်မရှင် ဖုန်း- ၀၉၂၆၆၀၇၁၄၁၀, ၀၉၉၇၆၅၀၃၂၀၁, ၀၉၅၀၃၅၁၄၃ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

 

#Lcoal_ News #ဘောလုံးအဖွဲ့ချုပ် #ကိုယ်စားလှယ်လောင်းနာမည်စာရင်း‌ပေးပို့နိုင် #tthl #Yangon_Times