Published_ 25 January 2024

အိန္ဒိယ-မြန်မာနှစ်နိုင်ငံပူးပေါင်းပြီး နှစ်နိုင်ငံနယ်စပ်ဒေသ၌မူးယစ်ဆေးဝါးထိန်းချုပ်ရန်အတွက် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုနေသည့် ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေ ရေးကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပသည့် (၇) ကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံမူးယစ် ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့်အစည်းအဝေးမှသိရခြင်းဖြစ်သည်။

အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ရဲမှူးချုပ်ဝင်းနိုင်က ‘‘ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုနေသည့် ဓာတုပစ္စည်းများဖမ်းဆီးရမိမှုမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေသည့်အတွက် နှစ်နိုင်ငံ နယ်နိမိတ်ထိစပ်နေသည့် နယ်စပ်ဒေသများမှ ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေးကို ယခုထက်ပိုမို တိုးမြှင့်ပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား မူးယစ်တရားခံပြေးများ၊ ကွင်းဆက်တရားခံများ၊ ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ မူးယစ်ကုန်ကူးသူများ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပေးပို့စေလိုကြောင်း’’ ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးသို့ အိန္ဒိယနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို (NCB) ညွှန်ကြားရေးမှူးချုပ် Mr. Satya Narayan Pradhan ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကိုယ်စားလှယ်များမှ လက်ရှိမူးယစ်ဆေးဝါးအခြေအနေများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေး တားဆီးနှိမ်နင်းရေးဆောင်ရွက်မှုအခြေအနေများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုလျှော့ချရေး အခြေအနေများ၊ နယ်စပ်ဒေသများတွင် ဘိန်းပင်တရားမဝင်စိုက်ပျိုးခြင်းဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ (၈) ကြိမ်မြောက် အစည်းအဝေးကို အိန္ဒိယနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group