#Local_News
Published_ 22 January 2024

လာမည့်ရက်ပိုင်း ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အတွင်းရန်ကုန်၊ မော်လမြိုင်နှင့် အောက်ပိုင်းဒေသများတွင် အအေးပိုကဲမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ဇန်နဝါရီလ ၂၂ ရက်မှ ၂၅ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် အအေးပိုလာနိုင်ပြီး တောတောင်များပြားသည့် မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ထူးကဲ အအေးပိုနိုင်သည်ဟု ဆိုသည်။

 

"အခုရက်ပိုင်းအတွင်းမှာ  ရန်ကုန်အအေးပိုနေတယ်။ မော်လမြိုင်လည်းတောတောင်တွေရှိတော့ ပိုအအေးပိုမယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေရောတစ်နိုင်ငံလုံးရော ဇန်နဝါရီ ၂၅ ရက်အထိ အအေးပိုဖို့ရှိပါတယ်"ဟု  မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက YMG ကို ပြောသည်။

 

ညအပူချိန်များအနေဖြင့် ယခုရက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့သည်။

 

ဇန်နဝါရီလ(၂၃)ရက်နှင့်(၂၄)ရက်တွင် နေပြည် တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်း သိရသည်။

 

#Local_News #ရန်ကုန်၊ မော်လမြိုင် #အအေးပိုကဲမည် #tthl #Yangon_Times